နေမိုး
၂၄. ၇. ၂၀၂၆
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇာဒီကျေးရွာ အနောက်ဘက်တွင် ကင်းစောင့်နေသူ တစ်ဦးကို PDF နှစ်ဦးက ကွမ်းစားမလား အယုံသွင်းမေးကာ သေနတ်ဖြင့် ဝင်ရောက်ပစ်သတ်ပြီး သေနက် ၁ လက် သိမ်းယူလာခဲ့ကြောင်း ကျူးလွန်သည့် ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားရေး တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်ပိုင်ချဲက လူမှုကွန်ရက်ပေါ် အသိပေးထားသည်။
ယနေ့ ဇူလိုင် ၂၄ ရက်နံနက်ပိုင်းက ဗိုလ်ပိုင်ချဲအကောင့်မှ ဖော်ပြလာသော အဆိုပါ ရုပ်သံဖိုင်တွင် ဗိုလ်ပိုင်ချဲနှင့် PDF တစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ကင်းတဲရှေ့ သို့ ရောက်ရှိလာပြီး ကင်းတဲအတွင်းသို့ ကွမ်းယာစားဦးမလားဟု မေးမြန်း ပြောဆိုဝင်ရောက်ကာ ခါးတွင်ထိုးထားသော ပစ္စတိုသေနတ်ကို ထုတ်ပြီး တစ်ချက်ပစ်သတ်လိုက်သည်ကို တွေ့ရှိရသည်။ ထို့နောက် G3 အမျိုးအစားသေနတ် တစ်လက်ကို ယူဆောင်ကာ ပြန်လည်ထွက်ခွာလာပြီးနောက် ဆိုင်ကယ်ပေါ်သို့ တက်ကာ ပြန်လည်ထွက်ခွာသွားသည်ကိုတွေ့ရှိရသည်။
“ဗိုလ်ပိုင်ချဲကတော့ ဗိုလ်ပိုင်ချဲပါပဲ။ ကန့်ဘလူမြို့နယ် ဇာဒီပျူကျေးရွာမှ ရွာအနောက်ကင်းတွင် ကင်းစောင့်နေသော ပျူစောထီးတစ်ကောင်အား ကွမ်းယာတစ်ထုပ်နှင့် G3 တစ်လက်အား လှည့်ကွက်သုံးပီး ယူလာခဲ့ပါသည်။ မှတ်ချက်။ ။ 9mm တစ်ထောင့်ပဲနော် (သတ်ပုံ မူရင်း) “ဟု Phyo Wai Paing အမည်ဖြင့် ဗိုလ်ပိုင်ချဲအသုံးပြုသည့် လူမှုကွန်စာမျက်နှာတွင် စာလုံးပေါင်းမမှန် ရေးသားထားသည်ကို တွေ့ရသည်။
