၂၅.၇.၂၀၂၆
Written by Linn Eain
အိန္ဒိယရေပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် အိန္ဒိယနိုင်ငံ၊ ပို့ဘလဲမြို့တွင် ထိန်းသိမ်းခံထားရသည့် မြန်မာရေလုပ်သား ၂၆ ဦးအား လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ဇူလိုင် ၂၃ ရက်၊ ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အဆိုပါ ထိန်းသိမ်းခံထားရသည့် မြန်မာရေလုပ်သားများ ဘေးကင်းစွာ ပြန်လည်ထွက်ခွာနိုင်ရေးအတွက် နယူးဒေလီမြို့ရှိ မြန်မာသံရုံးနှင့် ကောလ်ကတ္တားမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့မှ တာဝန်ရှိသူများက အိန္ဒိယနိုင်ငံ သက်ဆိုင်ရာအာဏာပိုင်များနှင့် နီးကပ်စွာညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြန်မာရေလုပ်သားများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(Certificate of identity)များ စိစစ်ထုတ်ပေးခြင်း၊ လေကြောင်းခရီးစဉ် ညှိနှိုင်းပေးခြင်းနှင့် အခြားလိုအပ်သည့် စီမံခန့်ခွဲမှုများကို စနစ်တကျအနီးကပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြန်မာရေလုပ်သားများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ သက်ဆိုင်ရာ တာဝန်ရှိသူများက ကြိုဆို၍ လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရသည် ပြည်ပရောက်မိမိနိုင်ငံသား၏ အရေးကိစ္စရပ်များကို အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိရာ ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဒုက္ခများကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကူညီကယ်ဆယ်ရေးနှင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိရေးတို့အတွက် သက်ဆိုင်ရာမြန်မာသံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများမှတစ်ဆင့် လိုအပ်သောကောင်စစ်ရေးရာ ကူညီစောင့်ရှောက်မှုများ အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
