၂၅.၇.၂၀၂၆
Written by Linn Eain
ရန်ကုန်-ပြည်-ရန်ကုန် ခရီးစဉ်အား လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများဖြင့် ဇူလိုင် ၃၁ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း ရန်ကုန်-နေပြည်တော်-ရန်ကုန် ရထားခရီးစဉ်၊ ရန်ကုန်-မန္တလေး-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များအား လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများဖြင့် ပြေးဆွဲပေးခဲ့ပြီး ခရီးသည်များကြိုက်နှစ်သက်၍ စီးနင်းမှုများသောကြောင့် ရန်ကုန်-ပြည်လမ်းပိုင်းအတွင်း DEMU ရထားများဖြင့် တိုးချဲ့ပြေးဆွဲပေးခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်-ပြည်လမ်းပိုင်းတွင် အမှတ်(၇၃)အဆန် ရန်ကုန်-ပြည်ခရီးစဉ် (နံနက် ၅ နာရီခွဲထွက်ခွာပြီး နံနက် ၁၁ နာရီခွဲ ဆိုက်ရောက်)နှင့် အမှတ်(၇၄)အစုန် ပြည် – ရန်ကုန်ခရီးစဉ်(နေ့လယ် ၁ နာရီထွက်ခွာပြီး ည ၇ နာရီ ဆိုက်ရောက်)များကို လေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများအသုံးပြု၍ ဇူလိုင် ၃၁ ရက်မှစတင်၍ တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်သည်။
အဆိုပါ ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းတစ်ဆိုင်းတွင် အထက်တန်း(၂)တွဲ၊ ပထမတန်း(၄)တွဲပါရှိပြီး အထက်တန်းတွင် ၆၆ ဦးနှင့် ပထမတန်းတွင် ၂၂၄ ဦး စုစုပေါင်း ၂၉၀ စီးနင်းလိုက်ပါနိုင်မည်ဖြစ်သည်။
ရန်ကုန်-ပြည် ရထားခရီးစဉ် လက်မှတ်ခနှုန်းထားမှာ ခရီးစဉ်အစအဆုံး အထက်တန်းအတွက် ၂၀၀၀၀ ကျပ်နှင့် ပထမတန်းအတွက် ၁၅၀၀၀ ကျပ်တို့ဖြစ်ပြီး ရန်ကုန်-ပြည်-ရန်ကုန် ခရီးစဉ်တစ်လျှောက် တညင်းကုန်း၊ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ ကြို့ပင်ကောက်၊ နတ္တလင်းနှင့် ပေါင်းတည်ဘူတာတို့တွင် ရပ်တန့်ပေးမည်ဖြစ်ပြီး ခရီးစဉ်အစအဆုံး ပြေးဆွဲချိန် (၆) နာရီသာ ကြာမြင့်မည်ဖြစ်ရာ နေ့ချင်းပြန်သွားရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် – ပြည်ရထားလမ်းပိုင်း ခေတ်မီ DEMU လူစီးအမြန်ရထားများ၏ ရထားလက်မှတ်များကို Online Railways Tacketing and Payment System (ORTP) စနစ်ဖြင့် လက်မှတ်များ ဝယ်ယူနိုင်မည်ဖြစ်ပြီး ခရီးစဉ်အစအဆုံးအတွက် (၇) ရက်နှင့် ကြားဘူတာများအတွက် (၅) ရက် ကြိုတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

