၂၅.၇.၂၀၂၆
Written by Linn Eain
ပြီးခဲ့သည့် အာဇာနည်နေ့ (ဇူလိုင် ၁၉ ရက်) က PDF များ၏ လက်ချက်ဖြင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံလိုက်ရသည့် ပခုက္ကူမြို့နယ်မှ မဟာဓာတ်အားလိုင်း တိုင်အမှတ် (၃၈၈) မှာ လေးရက်အကြာ ဇူလိုင် ၂၃ ရက်တွင် ပြုပြင်ပြီးစီး၍ လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
နိုင်ငံတော် အစိုးရအနေဖြင့် လျှပ်စစ်မီးများပုံမှန်ရရှိရေးနှင့် လျှပ်စစ်ဓာတ်အားများ ပြတ်တောက်မှုမရှိစေရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိစဉ် PDF များသည် ဇူလိုင် ၁၉ ရက်တွင် ပခုက္ကူမြို့နယ် ပေါင်လောင်ကန်ကျေးရွာအနီးရှိ ၁၃၂ ကေဗွီ ညောင်ပင်ကြီး – ဗုဒ္ဓကုန်း မဟာဓာတ်အားလိုင်းအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တာဝါတိုင်အမှတ် (၃၃၈) ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။
ထိုသို့ မဟာဓာတ်အားလိုင်းအား ဖောက်ခွဲဖျက်ဆီးမှုကြောင့် ပခုက္ကူ၊ ရေစကြို၊ မြိုင်နှင့် ကမ္မမြို့ များအတွင်းရှိ ပြည်သူများ လျှပ်စစ်ဓာတ်အား ရုတ်တရက်ပြတ်တောက်သွားခဲ့ရပြီး လူမှုစီးပွားရေးနှင့် နေ့စဉ်ဘဝများတွင် အခက်အခဲပေါင်းများ ရင်ဆိုင်ကြုံတွေ့ခံစားခဲ့ရကြောင်း သိရသည်။
ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ မဟာဓာတ်အားလိုင်းမှူးရုံး (ဂန့်ဂေါ၊ အုန်းတော)၊ ပင်မဓာတ်အားခွဲရုံ (ဗုဒ္ဓကုန်း)နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတို့မှ လျှပ်စစ်ဝန်ထမ်းများသည် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လေးရက်ကြာ နေ့ညမနား ကြိုးစားပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ဇူလိုင် ၂၃ ရက်တွင် ၎င်းပျက်စီးသွားသည့် လျှပ်စစ်တာဝါတိုင်အမှတ် (၃၃၈)အား ပြန်လည်ပြုပြင် ပြီးစီးခဲ့ပြီး ဓာတ်အားပြတ်တောက်ခဲ့သော ပခုက္ကူမြို့နယ်နှင့် ရေစကြို မြို့နယ်များအတွင်းရှိ ဒေသများသို့ ဓာတ်အားများ ပြန်လည်ပို့လွှတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။


