၂၅.၇.၂၀၂၆
Written By Min Thet
အမျိုးသမီးငယ်တစ်ဦးအား လက်ထိပ်ခတ်၍ အဓမ္မပြုကျင့်ကာ ရက်ရက်စက်စက်သတ်ဖြတ်မှု AA ယာယီထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ အဓမ္မပြုကျင့်သတ်ဖြတ်ခံရသူ အမျိုးသမီးငယ်မှာ အသက် ၂၄ နှစ်အရွယ်ရှိကာ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဆိပ်ကျေးရွာတွင် နေထိုင်သူ မနှင်းနှင်းဝေဆိုသူ ဖြစ်ပြီး ဇူလိုင်လ ၁၈ ရက်က ယိုးတရုတ်မြောင် (ဆည်) သို့ သွားရောက်စဉ် ပျောက်ဆုံးသွားခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
“သူငယ်ချင်းတွေနဲ့ ယိုးတရုတ်မြောင်ကို သွားတဲ့ အချိန်မှာ လူတစ်ယောက်(အမျိုးသားတစ်ဦး)က ဆိုင်ကယ်နဲ့ ခေါ်သွားတာကြောင့် မိသားစုဝင်တွေ ၊ ဒေသခံတွေက ရှာကြတာ ၅ ရက်လောက်ကြာမှ အလောင်းတွေ့တာလို့ ပြောတယ်။ အဲဒီ ဒေသမှာ AA ကပဲ စိုးမိုးနေတာ။လက်ထိပ်လည်း ခတ်တယ်ဆိုတော့ အဲဒီနေရာမှာ AA ကပဲ လက်ထိပ်ကိုင်ခွင့်ရှိတာ။ ဘယ်သူ လုပ်တာလဲဆိုတာကို အထင်အရှား မြင်နေရတာပဲ”ဟု ရခိုင်ပြည်သူတစ်ဦးက MT News ကို ပြောသည်။

မိဘဆွေမျိုးများက ပျောက်ဆုံးသွားသူကို လိုက်လံ ရှာဖွေရာ ဇူလိုင်လ ၂၃ ရက်၊ ညနေ (၄) နာရီ၊ (၄၅) မိနစ်ခန့်တွင် တန်းစွယ်ရွာ (တောင်ပေါက် ကျောက်ကွင်း) ရှိ ဥယျာဉ်ခြံအနီး လက်ထိပ်ခတ်ထားပြီး ခြေထောက်နှစ်ဖက်ကိုပါ ကြိုးများဖြင့် ချည်နှောင်ထားကာ မှောက်လျက်အအနေအထားဖြင့် သေဆုံးလျက်သား တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် မိန်းမအင်္ဂါ ၊ ရင်သားအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို ဓားဖြင့် မွှန်း၊ ခြစ်ထားကာ အဓမ္မမုဒိန်းကျင့် ရက်ရက်စက်စက် ရုပ်ပျက်ဆင်းပျက် သတ်ဖြတ်ခံထားရခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ထိုသို့ မုဒိမ်းကျင့်ကာ ညှင်းပန်းနှိပ်စက်အလောင်းဖျောက် လူသတ်မှုဖြစ်စဉ်မျိုးမှာ AA ထိန်းချုပ်ရာ နေရာဒေသများတွင် မကြာခဏ ဖြစ်လေ့ရှိကြောင်း၊အထူးသဖြင့် မြေပုံမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပေါက်တောမြို့နယ်၊ မြောက်ဦးမြို့နယ်တို့တွင် လူမသိ သူမသိ ဖုံးဖိထားသည့် ဖြစ်ပွားမှုများလည်း ရှိနေကြောင်း လူမှုကွန်ရက်တွင် ပြောဆိုနေကြသည်။

လက်ရှိတွင် ဖြစ်စဉ်နှင့်ပတ်သက်၍ သံသယရှိသူ (၃) ဦးအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း AA က ကနဦးထုတ်ပြန်ထားသော်လည်း သံသယရှိသူများမှာ မည်သူမည်၀ါ ဖြစ်ကြောင်းကို ဒေသခံများက သိရှိလိုနေကြသည်။
“သူတို့(AA)ဘက် က လူတွေပဲ ဖြစ်မှာပေါ့။ ထုတ်ပြန်တာကလည်း ဘယ်သူဘယ်ဝါ ဆိုတာ မသိရဘူးလေ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက အဆိုပါ ဖြစ်စဉ်ကဲ့သို့ အမျိုးသမီးများ မကြာခဏ အဓမ္မပြုကျင့် သတ်ဖြတ်ခံနေရခြင်းမှာ ရခိုင်ပြည်နယ် ရှိအမျိုးသမီးအားလုံးအတွက် စိန်ခေါ်မှု အသစ် တစ်ခု ဖြစ်လာကြောင်း ပြောသည်ဟု Western News တွင် ဖော်ပြထားသည်။
“ရခိုင်တွေမှာ ကိုယ်ဖော်တဲ့ဆေး ကိုယ်မစားနိုင်တော့ဘူးလေ။ အခြေအနေတွေက အခု ဖြစ်နေတာထက် ပိုဆိုးလာနိုင်တယ်။ AA ကြောင့် ရခိုင်ပြည်သူတွေ ဒုက္ခ ပင်လယ်ဝေနေကြရပြီ”ဟု ရန်ကုန်ရောက် ရခိုင် စစ်ရှောင်တစ်ဦးက အဆိုပါ သတင်းအပေါ် မှတ်ချက်ပြု ပြောဆိုခဲ့သည်။
