သက်တံ့
၂၅. ၇. ၂၀၂၆
လက်စတာစီးတီး (Leicester City FC) ၏ ထိုင်းပိုင်ရှင်များသည် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့သည့် အမြင့်ဆုံးအောင်မြင်မှုမှသည် ယခုအခါ အင်္ဂလန်ဘောလုံးလောက၏ တတိယတန်းအဆင့်တွင် ရုန်းကန်နေရသည့် အသင်းအား ပြန်လည် ရောင်းချရန် စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။
လက်စတာစီးတီးအသင်းအား ၁၅ နှစ်ကျော်ကြာ ပိုင်ဆိုင်ခဲ့သည့် အခွန်လွတ်ကုန်ပစ္စည်း ရောင်းဝယ်ရေးအုပ်စုဖြစ်သော King Power International သည် ဝယ်ယူမည့်သူများကို စုံစမ်းလေ့လာရန် Citigroup မှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘဏ္ဍာရေးအကြံပေးများ ငှားရမ်းထားကြောင်း ယခုသီတင်းပတ်စောစောပိုင်းက ထိစပ်မှုရှိသူများကို ကိုးကား၍ Financial Times က ဖော်ပြခဲ့သည်။

Sky Sports ၏ ဖော်ပြချက်အရ အမည်မဖော်ပြထားသော အရှေ့အလယ်ပိုင်း ကုမ္ပဏီတစ်ခုသည် ပထမဆုံး အလေးအနက် စိတ်ဝင်စားမှု ပြသလာသည့် အဖွဲ့အစည်းအဖြစ် ပေါ်ထွက်လာခဲ့သည်။
သီးခြားခန့်မှန်းချက်များအရ လက်စတာစီးတီး၏ Seagrave လေ့ကျင့်ရေးကွင်းနှင့် King Power ကွင်း အပါအဝင် ပိုင်ဆိုင်မှုများ၏ တန်ဖိုးမှာ ပေါင် ၄၁၀ သန်းမှ ၅၃၀ သန်းကြား (ဘတ် ၁၈ ဒသမ ၄ ဘီလီယံမှ ၂၃ ဒသမ ၈ ဘီလီယံကြား) ရှိသည်ဟု ဆိုသည်။
King Power ၏ ဘီလီယံနာ တည်ထောင်သူ ဝိချိုင်းသည် အင်္ဂလန်ဘောလုံး၏ ဒုတိယတန်းအဆင့်ဖြစ်သော Championship ပြိုင်ပွဲ၏ ဇယားအလယ်အလတ်တွင် ရှိနေသည့် လက်စတာစီးတီးကို ၂၀၁၀ ပြည့်နှစ်တွင် စတင်ဝယ်ယူခဲ့သည်။
အသင်းသည် ၂၀၁၄ ခုနှစ်တွင် ပရီးမီးယားလိဂ်သို့ တက်လှမ်းနိုင်ခဲ့ပြီး နှစ်နှစ်အကြာတွင် အီတလီလူမျိုး နည်းပြ ကလောဒီယို ရာနီရေးရီ (Claudio Ranieri) ၏ လက်အောက်၌ အားကစားသမိုင်းတွင် အံ့အားသင့်စရာအကောင်းဆုံး သမိုင်းဝင် အင်္ဂလန်ချန်ပီယံ ဖြစ်လာခဲ့သည်။
လက်စတာအသင်းသည် နောက်ရာသီတွင် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ ဆက်လက်တက်လှမ်းနိုင်ခဲ့သော်လည်း ၂၀၁၈ ခုနှစ်တွင် ဝိချိုင်းသည် အသင်းကွင်းပြင်ပ၌ ဟယ်လီကော်ပတာ ပျက်ကျကာ ကွယ်လွန်ခဲ့ရသည့် ဝမ်းနည်းဖွယ်အဖြစ်ဆိုးနှင့် ရင်ဆိုင်ခဲ့ရပြီး အသင်းထိန်းချုပ်မှုကို ၎င်း၏သားဖြစ်သူ အိုင်ယာဝတ် (Aiyawatt) က ဆက်ခံခဲ့သည်။
လက်စတာသည် ၂၀၂၀ ပြည့်နှစ်တွင် ပရီးမီးယားလိဂ်၌ အဆင့် (၅) ရရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် FA Cup ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည့် အောင်မြင်မှုများ ဆက်လက်ရရှိခဲ့သည်။
သို့သော် ကပ်ရောဂါအလွန်ကာလ ခြေစွမ်းကျဆင်းမှုများကြောင့် ၂၀၂၃ ခုနှစ်တွင် Championship သို့ တန်းဆင်းခဲ့ရသည်။ ၎င်းတို့သည် တစ်ရာသီအတွင်း ပြန်လည်တက်လှမ်းနိုင်ခဲ့သော်လည်း ၂၀၂၅ ခုနှစ်တွင် ထပ်မံတန်းဆင်းခဲ့ရသည်။
တစ်ချိန်တည်းမှာပင် အသင်းသည် ၎င်း၏ ဘဏ္ဍာရေးဆိုင်ရာ စိစစ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ယခုနှစ် ဖေဖော်ဝါရီလတွင် အသင်းများ အသုံးစရိတ် ကန့်သတ်ထားသည့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်၏ စည်းမျဉ်းများကို ဖောက်ဖျက်မှုကြောင့် ၆ မှတ် လျှော့ဒဏ်ပေးခံခဲ့ရသည်။ အဆိုပါ ရာသီအကုန်တွင် အင်္ဂလန်ဘောလုံး၏ တတိယတန်းအဆင့် ဖြစ်သော League One သို့ တန်းဆင်းခဲ့ရသည်။

လက်စတာသည် Sheffield Wednesday အသင်းနှင့်အတူ League One သို့ တန်းဆင်းခဲ့ရခြင်းဖြစ်ပြီး Sheffield Wednesday မှာလည်း အခြားသော ထိုင်းပိုင်ရှင်အောက်တွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ဘဏ္ဍာရေးအရ ထိန်းချုပ်ခံခဲ့ရကာ မေလတွင် အမေရိကန် ရင်းနှီးမြှုပ်နှံသူများ အဖွဲ့ထံ ရောင်းချခဲ့ရသည့် အသင်းဖြစ်သည်။
FT သတင်း၏ ဖော်ပြချက်အရ ယခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် စာရင်းဇယားများ၌ လက်စတာသည် ရုပ်သံထုတ်လွှင့်ခွင့်နှင့် အခြားရင်းမြစ်များမှ ဝင်ငွေတိုးတက်စေသည့် ပရီးမီးယားလိဂ်တွင် ရှိနေခဲ့သော်လည်း ၂၀၂၄-၂၅ ရာသီအတွင်း ပေါင် ၇၁ ဒသမ ၁ သန်း အရှုံးပေါ်ခဲ့ကြောင်း ဖော်ပြထားသည်။
အသင်း၏ ပိုင်ရှင်များသည် လွန်ခဲ့သည့်နှစ်က အသင်းသို့ ထုတ်ပေးထားသည့် ရှယ်ယာရှင် ချေးငွေ ပေါင် ၁၂၄ သန်းကို ပယ်ဖျက်ပေးခဲ့ပြီး ထိုအကြွေးများကို အစုရှယ်ယာအဖြစ် သို့ ပြောင်းလဲပေးခဲ့သည်။
Ref : Bangkok Post
