၂၄.၇.၂၀၂၆
Written by Linn Eain
မြန်မာ့မီးရထားပိုင် ရထားသံလမ်းထိန်းကလစ်များ ခိုးယူဖျက်ဆီးမှုကြောင့် ရထားလမ်းလုံခြုံရေး ကင်းလှည့်ရထား လမ်းချော်ကျမှု မန္တလေး – မြစ်ကြီးနားရထားလမ်းပိုင်း၊ နန်းခွင့် -ဟိုပင်ဘူတာအကြားတွင် ဇူလိုင် ၂၂ ရက်၊ နေ့လယ် ၁ နာရီ ၄၅ မိနစ်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ရထားလမ်းလုံခြုံရေးကင်းလှည့်ရထားသည် ဟိုပင်မြို့နယ်၊ နန်းခွင်ဘူတာမှ နေ့လယ် ၁၂ နာရီ ၃၇ မိနစ်တွင် ထွက်ခွာလာရာ နန်းခွင်နှင့် ဟိုပင်ဘူတာအကြား မိုင်တိုင် ၆၅၄/၂ နှင့် ၁ ကြားသို့ ရောက်ရှိစဉ် ရထားစက်ခေါင်းနှင့်အတူ တွဲနှစ်တွဲ လမ်းချော်ကျမှုဖြစ်ပွားခဲ့သဖြင့် နန်းခွင်-ဟိုပင်လမ်းပိုင်းအား ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။

ထိုသို့ လမ်းချော်ကျမှု ဖြစ်ပွားရာနေရာသို့ မြန်မာ့မီးရထားမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ကြပြီး အခင်းဖြစ်ပွားရာနေရာတွင် သံလမ်း(၃)ဆက် ပေ(၁၂၀)ခန့်နှင့် ၎င်းနေရာအနီးရှိ မိုင်တိုင်အမှတ် ၆၅၃/၁၈- ၂၀ ကြားနေရာ၌ သံလမ်း(၃)ဆက် ပေ(၁၂၀)ခန့် စုစုပေါင်းပေ(၂၄၀)ခန့်အတွင်း သံလမ်းထိန်းကလစ် (၄၀၈)ခု ဖြုတ်ယူထားကြောင်းစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ သံလမ်းထိန်းကလစ်များ ဖြုတ်ယူခံရမှုကြောင့် မတော်တဆမှုဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး လမ်းချော်ကျသော စက်ခေါင်းနှင့်တွဲများ မတင်ခြင်းနှင့် ရထားလမ်းပြုပြင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးပြုပြင်ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၂၃ ရက် ညနေပိုင်းတွင် ရထားလမ်းပိုင်း ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
မီးရထားသံလမ်းထိန်းကလစ်များ ဖြုတ်ယူခြင်းသည် ရထားစီးခရီးသွားပြည်သူများ ထိခိုက်သေဆုံးနိုင်ပြီး ပျက်စီးဆုံးရှုံးမှု ကြီးမားစွာကြုံတွေ့ရနိုင်သည့် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော လုပ်ရပ်တစ်ခုဖြစ်သောကြောင့် ပြည်သူများအနေဖြင့် မသမာသူများ၏ လုပ်ရပ်အားတွေ့ရှိပါက ရထားမတော်တဆမှုများ ကာကွယ်နိုင်ရန် သက်ဆိုင်ရာသို့ အချိန်မီအကြောင်းကြားသွားရန် လိုအပ်ကြောင်း သိရသည်။
ထိုသို့ မီးရထားသံလမ်းထိန်းကလစ်များ ပျောက်ဆုံးမှုနှင့်ပတ်သက်၍ အမှုမှန်ဖော်ထုတ်နိုင်ရေး ဟိုပင်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး ဖော်ထုတ်ရရှိပါက ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ထို့ပြင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး-ရွှေညောင် ရထားလမ်းပိုင်းတွင် ကာလတန်ဖိုး ကျပ် ၃ သိန်းကျော်တန်ဖိုးရှိတဲ့ ရထားသံလမ်းထိန်းကလစ် အခု ၁၀၀၀ ကျော် ခိုးယူခံရမှု ဖြစ်ပွားခဲ့ပြီး သံလမ်းထိန်းကလစ်များကို ကျောက်ခဲဖြင့်ထုပြီး ခိုးယူခဲ့ကြသည့် အသက် ၁၀ နှစ်မှ ၁၆ နှစ်အရွယ် ကလေးငယ် ၁၀ ဦးနှင့် တရားမဝင် လက်ခံဝယ်ယူထားတဲ့ သံတိုသံစဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးတို့ကို သက်သေခံ ပစ္စည်းအချို့နှင့်အတူ ဇူလိုင် ၁၉ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ဂ)အရ ရထားလမ်းရှိ ဇလီဖားတုံး၊ ရထားလမ်းနှင့်သက်ဆိုင်သည့် မည်သည့်ဆက်စပ်နေသော အရာဝတ္ထုကိုမဆို ဆွဲထုတ်ဖယ်ရှားခြင်း၊ ဖြေလျှော့ခြင်း၊ ရွှေ့ပြောင်းခြင်း (သို့မဟုတ်) ဖျက်ဆီးခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ(၈၄)အရ ထိုသူကို အနည်းဆုံး ၅ နှစ်မှ နှစ် ၂၀ မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ကိုလည်း ချမှတ်နိုင်ကြောင်း သိရသည်။
