
၁၂.၇.၂၀၂၆
Written by Linn Eain
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများ ဇူလိုင် ၁၄ ရက်၊ နံနက် ၁၀ နာရီကစတင်၍ အွန်လိုင်းမှတစ်ဆင့် ကြိုတင်ရက်ချိန်းယူ လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်းများကို Online မှ ကြိုတင်လျှောက်ထားသည့် စနစ်ဖြင့် ထုတ်ပေးနိုင်ရန် စီစဉ်ထားရာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ DME Online Service Portal ဖြစ်သော https://osp.dme.gov.mm တွင် ကြိုတင်ရက်ချိန်းရယူ လျှောက်ထားရမည်ဖြစ်သည်။
ထို့နောက် အမှတ်စာရင်းများကို ဇူလိုင် ၁၆ ရက်ကစတင်၍ မိမိလျှောက်ထားခဲ့သည့်နေရာအလိုက် နေပြည်တော် ရုံးအမှတ် ၅၂ ရှိ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန(ရုံးချုပ်) (သို့မဟုတ်) ရန်ကုန်မြို့ လှိုင်မြို့နယ်၊ ၁၂ ရပ်ကွက်၊ ပါရမီလမ်းရှိ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန(ရုံးခွဲ)တို့တွင် DME Online Service Portal က ထုတ်ပေးသည့် QR Code နှင့် လုပ်ငန်းစဉ်နံပါတ်ပြသ၍ လာရောက်လျှောက်ထား ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ လာရောက်ထုတ်ယူရန် အခက်အခဲရှိသူများအနေဖြင့် DME Online Service Portal တွင် လျှောက်ထားပါက မြန်မာ့စာတိုက်လုပ်ငန်း၏ စာပို့စနစ်ဖြင့် ပို့ဆောင်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သို့သော် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ၏ အမှတ်စာရင်းများကို ကနဦး ထုတ်ပေးခြင်းဖြစ်ပြီး ကျရှုံးအမှတ်စာရင်းများ ထုတ်မပေးသေးကြောင်းနှင့် ကျရှုံးအမှတ်စာရင်းများထုတ်ပေးသည့်အချိန်တွင် Website ၌ ကျရှုံးခုံအမှတ်ထည့်၍ ရက်ချိန်ရယူနိုင်မည်ဖြစ်သည်။
ကြိုတင်ရက်ချိန်းရယူချိန်တွင် အမှတ်စာရင်း (၃)စောင်ထိ လျှောက်ထားနိုင်မည်ဖြစ်ပြီး ကြိုတင်ရက်ချိန်းရယူထားခြင်း မရှိပါက ဆောင်ရွက်ပေးမည် မဟုတ်သဖြင့် မဖြစ်မနေ ရက်ချိန်းရယူရန် လိုအပ်ကြောင်းသိရသည်။
အမှတ်စာရင်းလာရောက်ထုတ်ယူရာတွင် အွန်လိုင်းစနစ်က ထုတ်ပေးမည့် လုပ်ငန်းစဉ် QR နှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်/ယာဉ်မောင်းလိုင်စင်မူရင်းနှင့်အတူ လာရောက်ရမည်ဖြစ်ပြီး စနစ်တွင် ဖြည့်သွင်းထားသည်နှင့် ကွဲလွဲပါက ရက်ချိန်းရယူထားခြင်းကို ငြင်းပယ်ပယ်ဖျက်မည်ဖြစ်ကြောင်း၊ ရက်ချိန်းရယူစဉ်က ဖြည့်သွင်းခဲ့သည့် ခုံအမှတ်များအတိုင်းသာ အမှတ်စာရင်းထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
