
၂.၇.၂၀၂၆
Written by Linn Eain
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝိပ္ပံဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံလုံး ပထမရရှိ အောင်မြင်ခဲ့သည့် လှိုင်သာယာမြို့နယ်မှ မနီနီကျော်ကို KBZ Foundation မှ ငွေကျပ် သိန်း (၁၀၀၀) ပံ့ပိုးကူညီခဲ့ကြောင်း ၎င်းဖောင်ဒေးရှင်း၏ ဇူလိုင် ၂ ရက် ညပိုင်းအချိန် ထုတ်ပြန်မှုအရ သိရသည်။
ဝိပ္ပံဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံး ပထမနေရာမှ ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသူ မနီနီကျော်၏ ပညာရေးခရီးလမ်းကို ဆက်လက်လျှောက်လှမ်းနိုင်ရန်နှင့် အနာဂတ်ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် ပံ့ပိုးကူညီခဲ့ခြင်းဖြစ်ကြောင်း KBZ Foundation မှ သိရသည်။
ဝိပ္ပံဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံး ပထမဖြင့်အောင်မြင်ခဲ့သည့် မနီနီကျော်သည် မိခင်၊ အစ်မဖြစ်သူတို့နှင့်အတူ နေထိုင်ရင်း အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်ခဲ့ပြီး စက်မှုဇုန်တွင် အလုပ်လုပ်ကိုင်သည့် အစ်မဖြစ်သူ၏ ပံ့ပိုးကူညီမှုနှင့်အတူ ကိုယ်တိုင်ကြိုးစားအားထုတ်မှုဖြင့်
ထူးချွန်စွာအောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ မနီနီကျော်သည် စိန်ခေါ်မှုများကြားမှ မဆုတ်မနစ်ကြိုးစားကာ ထူးချွန်စွာအောင်မြင်မှုရရှိခဲ့သူတစ်ဦးဖြစ်ပြီး၊ ၎င်း၏ ကြိုးစားအားထုတ်မှုနှင့် ဇွဲလုံ့လတို့သည် ကျောင်းသား၊ ကျောင်းသူလူငယ်များအတွက် အားကျအတုယူဖွယ် စံနမူနာတစ်ရပ်ဖြစ်ကြောင်း KBZ Foundation အနေဖြင့် ယုံကြည်ကြောင်းလည်း မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ခဲ့သည်။
ထို့ပြင် KBZ Foundation အနေဖြင့် ပညာရေးသည် ဘဝများကို ပြောင်းလဲပေးနိုင်သည့် အရေးပါသော အင်အားတစ်ရပ် ဖြစ်သည်ဟု ယုံကြည်ထားပြီး၊ အခက်အခဲများကြားမှ ပညာကို ကြိုးစားသင်ယူခဲ့သည့် မနီနီကျော်၏ ပညာရေးနှင့် ဘဝခရီးလမ်းတစ်လျှောက် ယခုထက်ပိုမိုသော အောင်မြင်မှုများ ဆက်လက်ရရှိပြီး နိုင်ငံနှင့် လူမှုအသိုက်အဝန်းအတွက် အကျိုးပြုနိုင်သူတစ်ဦး ဖြစ်လာပါစေကြောင်း KBZ Foundation မှ ဆုမွန်ကောင်းတောင်းအပ်ကြောင်း ဖော်ပြထားသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်မှ မနီနီကျော်သည် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူး ၅ ဘာသာရရှိကာ စုစုပေါင်းရမှတ် (၅၃၀) မှတ်ဖြင့် ဝိပ္ပံဘာသာတွဲ တစ်နိုင်ငံလုံး ပထမအဖြစ် အောင်မြင်ခဲ့ကြောင်း သိရသည်။
