


၁၂.၇.၂၀၂၆
Written by Thiri
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့အနောက်ပိုင်းရပ်ကွက် မင်းကျောင်းလမ်းမကြီးပေါ်ရှိ ၉၉၉ မီးပွိုင့်အကျော်မှာ ဇူလိုင်လ ၁၂ ရက် ယနေ့နံနက်ပိုင်းက YBS-၁၂၉ ခရီးသည်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်ပြီး လမ်းဘေးရှိ လျှပ်စစ်ဓာတ်တိုင်ကို ဝင်တိုက်မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည်တွေနဲ့ လမ်းသွားလမ်းလာ ကျား/မ ၁၄ ဦး ဒဏ်ရာအသီးသီး ရရှိခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ဘက်ကနေ ကျောက်တန်းမြို့ဘက်ဆီ မောင်းနှင်လာတဲ့ YBS-၁၂၉ ခရီးသည်တင်ယာဉ်ဟာ မောင်းနှင်နေရင်း ဘရိတ်ပေါက်သွားခဲ့ရာကနေ ရှေ့မှာရှိနေတဲ့ ကိုယ်ပိုင်ယာဉ် ၂ စီး၊ ဘေးတွဲဆိုင်ကယ် ၃ စီးနဲ့ ဘတ္ထရီစက်ဘီး (E-bike) ၄ စီးတို့ကို ဆက်တိုက်ပွတ်တိုက်မိခဲ့ပြီးနောက် ဓာတ်တိုင်ကိုဝင်တိုက်ရာ ဓာတ်တိုင်ပါ ကျိုးကျသွားပြီးမှ ယာဉ်ရပ်တန့်သွားခဲ့တာလို့သိရပါတယ်။
မတော်တဆမှုကြောင့် ယာဉ်တိုက်ခံရသူတွေနဲ့ ခရီးသည် စုစုပေါင်း ၁၄ ဦးအနက် ၇ ဦးမှာ အတွင်းလူနာအဖြစ်လည်းကောင်း၊ ကျန် ၇ ဦးမှာ ပြင်ပလူနာအဖြစ်လည်းကောင်း ဆေးကုသမှု ခံယူနေကြရပြီး YBS ယာဉ်မောင်းမှာလည်း ညာခြေ နာကျင်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူတချို့ထံကနေ သိရပါတယ်။
အခင်းနေရာဆီ ကျောက်တန်းမြို့နယ်လုံးဆိုင်ရာ ပရဟိတအဖွဲ့ တွေ၊ လူမှုကူညီကယ်ဆယ်ရေးအသင်း တွေနဲ့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေက အချိန်နဲ့တစ်ပြေးညီ ရောက်ရှိလာပြီး ဒဏ်ရာရရှိသူတွေကို သန်လျင်ဆေးရုံဆီ အချိန်မီ ကူညီပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
ယာဉ်မတော်တဆဖြစ်ပွားကာ လူအများအပြား ဒဏ်ရာရရှိခဲ့တဲ့အတွက် ကျောက်တန်းမြို့နယ် အမှတ် (၅၃)ယာဉ်ထိန်းတပ်ဖွဲ့စုမှ ယာဉ်မှုစစ် ရဲအုပ်ထွန်းထွန်းဇော်မှ ယာဉ် (ပ)၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ-၂၇၉ /၃၃၇/၃၃၈ အရ အမှုဖွင့်လှစ်ကာ YBS-၁၂၉ ယာဥ်မောင်း ဦးသိန်းကြည် (၅၅)နှစ် (ဘ)ဦးအုန်းစိန် မြယာရိုး၊ လက်ယက်စမ်းကျေးရွာ၊ သန်လျင်မြို့နယ်နေသူအား ဖမ်းဆီးစစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိတယ်လို့ သိရှိရပါတယ်။
