
သတိုး
၁၂. ၇. ၂၀၂၆
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအကြား အလွတ်သဘောအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရွေးကောက်ခံအစိုးရသစ်အနေဖြင့် နိုင်ငံတော်တာဝန် စတင်ယူခဲ့သည့်အချိန်မှစ၍ နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး နှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတို့အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး ဆောင်ရွက်နေမှုများ၊ အာဆီယံက AHA Centre မှတစ်ဆင့် ပေးအပ်သည့် လူသားချင်းစာနာမှုအကူအညီများကို ခွဲခြားမှုမရှိဘဲ ဖြန့်ဝေပေးအပ်နေမှု အခြေအနေများနှင့် နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ အပါအဝင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများက အာဆီယံ၏ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုတို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုလွှတ်တော်၌ အာဆီယံထုတ်ပြန်ချက် (၅) ရပ်သည် ၏ အာဆီယံ အခြေခံမူများနှင့် ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ၏ လက်ရှိပကတိ နိုင်ငံရေးအခြေအနေနှင့် ကိုက်ညီမှုမရှိသည့်အတွက် လိုအပ်သကဲ့သို့ သုံးသပ်ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအဖွဲ့ကို တိုက်တွန်းကြောင်း” အရေးကြီးအဆိုကို လွှတ်တော်က ၉-၇-၂၀၂၆ ရက်တွင် အတည်ပြုဆုံးဖြတ်ခဲ့သဖြင့် လွှတ်တော်၏ ဆုံးဖြတ်ချက်ကို ရွေးကောက်ခံ အစိုးရအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် တာဝန်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ သိမ်မွေ့နက်နဲသည့် နိုင်ငံရေးအခြေအနေကို နားလည်သဘောပေါက်ပြီး၊ မြန်မာနိုင်ငံ၏ ပကတိ မြေပြင်အခြေအနေများနှင့် ကိုက်ညီသည့် အပြုသဘောဆောင်သော ရှုမြင်သုံးသပ်မှုများ ပြုလုပ်ကြရန် တိုက်တွန်းလိုကြောင်း၊ အာဆီယံ၌ မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍနှင့် အခွင့်အရေးများ မကြာမီပြန်လည်ရရှိနိုင်မည်ဟု မျှော်လင့်ပြီး အာဆီယံနှင့် အဖြစ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးထားဆွေးနွေးပြောကြားခဲ့သည်။
