၈.၇.၂၀၂၆
Translated by Htwe Ko Tun
ပါကစ္စတန်နိုင်ငံ ကရာချိမြို့အခြေစိုက် K2 လေကြောင်းလိုင်းမှ လေယာဉ်အမှုထမ်းငါးဦးပါ ကုန်တင်လေယာဉ်တစ်စင်းသည် အာရပ်စော်ဘွားများပြည်ထောင်စုတွင် ဆင်းသက်ပြီး ပါကစ္စတန်နိုင်ငံငသို့ ပျံသန်းလာနေစဉ် ကရာချိမြို့ကမ်းရိုးတန်း အာရေဗျပင်လယ်ပေါ်၌ ဇူလိုင်လ ၇ ရက်နှောင်းပိုင်းတွင် လေကြောင်းအသွားအလာထိန်းချုပ်သူများနှင့် အဆက်အသွယ်ပြတ်တောက်ပြီးနောက် ပျောက်ဆုံးသွားခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့သည်။
ပါကစ္စတန်လေဆိပ်အာဏာပိုင်များက အာရေဗျပင်လယ်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း X လူမှုကွန်ရက်တွင် တင်ခဲ့သည်။ လေယာဉ်ပျောက်ဆုံးမှု၏ အကြောင်းရင်းကို ချက်ချင်းမသိရသေးပေ။
ဘိုးရင်း ၇၃၇ လေယာဉ်ကို ယူအေအီးနိုင်ငံ ရှာဂျာမှ ကရာချိသို့ ကုန်တင်လေယာဉ်အဖြစ် ကရာချိအခြေစိုက် K2 လေကြောင်းလိုင်းက အသုံးပြုပျံသန်းနေစဉ် ဒေသစံတော်ချိန် ည ၉:၁၈ နာရီတွင် လမ်းကြောင်းပြစနစ်ပြဿနာတစ်ခုရှိကြောင်း သတင်းပို့ခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
ရေဒါဒေတာများအရ လေယာဉ်သည် ကရာချိ၏ အနောက်ဘက် ရေမိုင် ၁၅၅ မိုင် (၂၈၇ ကီလိုမီတာ၊ ၁၇၈ မိုင်) အကွာတွင် ရေဒါနှင့် ရေဒီယိုအဆက်အသွယ် ပြတ်တောက်မသွားမီ ည ၉:၂၁ နာရီခန့်တွင် လျင်မြန်စွာနိမ့်ကျပြီး ဦးတည်ရာလမ်းကြောင်း သိသိသာသာပြောင်းလဲခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
အာဏာပိုင်များက ကယ်ဆယ်ရေးညှိနှိုင်းရေးဌာနကို အသက်သွင်းခြင်းဖြင့် တုံ့ပြန်ခဲ့ပြီး ပျောက်ဆုံးနေသော လေယာဉ်ကို ရှာဖွေရန် အေဂျင်စီအမျိုးမျိုးမှတစ်ဆင့် ပင်လယ်ပြင်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စတင်ခဲ့ကြောင်း လေဆိပ်အာဏာပိုင်များက ပြောကြားခဲ့သည်။
လေကြောင်းကျွမ်းကျင်သူ အင်မရန် အက်စ်လမ် (Imran Aslam) က လေယာဉ် ရေဒါမှ ပျောက်ကွယ်သွားရသည့် အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ဒေသခံ ARY သတင်းဌာနသို့ ပြောကြားခဲ့သည်။
၎င်းက “လေယာဉ်တစ်စင်းက အင်ဂျင်ချို့ယွင်းမှုနဲ့ ကြုံတွေ့ရပြီဆိုရင်တောင် ပျံသန်းနေတဲ့အမြင့်ကနေ ရုတ်တရက် ထိုးဆင်းရမယ့်အစား ပုံမှန် ဆက်လက်လျှောကျနေမှာပါ။ ဘာကြောင့် လေယာဉ်က တစ်ဖြည်းဖြည်း လျှောကျမသွားဘဲ ရုတ်တရက် ပြုတ်ကျသွားခဲ့လဲဆိုတာ ကျွန်တော် နားမလည်နိုင်သေးပါဘူး” ဟု ပြောကြားခဲ့သည်။
K2 Airways ဝက်ဘ်ဆိုက်အရ ၎င်းသည် ကရာချိအခြေစိုက် ပုဂ္ဂလိက ကုန်တင်လေကြောင်းလိုင်းတစ်ခုဖြစ်ပြီး ၂၀၁၈ ခုနှစ် မေလတွင် တည်ထောင်ခဲ့သည်။
အာဏာပိုင်များက ပါကစ္စတန်၏ စစ်ဘက်နှင့် အရပ်ဘက်အာဏာပိုင်များသည် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအတွက် လေကြောင်းနှင့် ရေကြောင်းအကူအညီများစွာကို ချထားခဲ့ကြောင်း ပြောကြားခဲ့သည်။ အရာရှိများစွာ၏ အဆိုအရ ပါကစ္စတန်ရေတပ်၏ ဖရီးဂိတ် PNS Zulfiqar ကို လေယာဉ်နှင့် အဆက်အသွယ်ပြတ်တောက်သွားသည့်နေရာသို့ အမြန်လမ်းကြောင်းပြောင်းခဲ့သည်။ ပါကစ္စတန်လေတပ်ကလည်း ကြိုးပမ်းမှုအတွက် လေယာဉ်များကို ချထားခဲ့ပြီး ပါကစ္စတန်ရေတပ် ATR လေယာဉ်တစ်စင်းသည် စစ်ဆင်ရေးတွင် ကူညီရန် Turbat မှ ထွက်ခွာသွားခဲ့ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
အရာရှိများက ပါကစ္စတန်အမျိုးသား သင်္ဘောကုမ္ပဏီ၏ ကုန်တင်သင်္ဘောကိုလည်း စေလွှတ်ခဲ့ပြီး ရှာဖွေရေးတွင် ပါဝင်နေကြောင်း ပြောကြားခဲ့သည်။
၂၀၂၀ ပြည့်နှစ် မေလတွင် လူ ၉၈ ဦး တင်ဆောင်လာသော ပါကစ္စတန်လေကြောင်းလိုင်း ဂျက်လေယာဉ်တစ်စင်းသည် ဆင်းဒ်ပြည်နယ်၏ မြို့တော် ကရာချိမြို့ လေဆိပ်တွင်ဆင်းသက်စဉ်အနီးရှိ လူစည်ကားသော ရပ်ကွက်တစ်ခုအတွင်း ပျက်ကျခဲ့ရာ ခရီးသည်တစ်ဦးမှလွဲ၍ ကျန်ခရီးသည်အားလုံး လေယာဉ်ပျက်ကျမှုတွင် သေဆုံးခဲ့သည်။ နောက်ပိုင်းတွင် ပါကစ္စတန်အစိုးရက လေယာဉ်မှူး၊ တွဲဖက် လေယာဉ်မှူးနှင့် လေကြောင်းထိန်းချုပ်ရေးဌာနတို့၏ လူ့အမှားကြောင့် ပါကစ္စတန်အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းလေယာဉ်ပျက်ကျခဲ့ရကြောင်း အစီရင်ခံစာတစ်စောင်ထုတ်ပြန်ခဲ့သည်။
Ref-AP
