၈.၇.၂၀၂၆
Written By Thandar
မြန်မာအနုပညာနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (MACDA)နဲ့ မြန်မာ့တောင်သူလယ်သမားဘဝတိုးတက်မြင့်မားရေးဖောင်ဒေးရှင်းတို့ နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဇူလိုင် ၇ ရက် ညနေပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ မြဝတီစင်တာမှာ ကျင်းပခဲ့ပါတယ်။
“မြန်မာအနုပညာနဲ့ ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းကြီးရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အနုပညာနဲ့ပတ်သက်တဲ့ ဆိုကရေးတီးတွေလည်း အကုန်ပါတယ်။ နောက်တစ်ခါ ပန်းချီ၊ ပန်းပု၊ ပန်းဆယ်မျိုးနဲ့ပတ်သက်တာတွေလည်းပါတယ်။ အနုပညာယဉ်ကျေးမှုဖြစ်တဲ့ လုပ်ငန်းစဉ်တွေကိုလည်း လုပ်ပါတယ်။ နိုင်ငံတကာက ယဉ်ကျေးမှုတွေနဲ့လည်း အမြဲတမ်းဆက်သွယ်ပြီး ဖလှယ်သွားဖို့ရှိပါတယ်။ အနုပညာနဲ့ ယဉ်ကျေးမှုအသင်းရဲ့ ရည်ရွယ်ချက်တွေပါ။ မြန်မာက နိုင်ငံတကာနဲ့ ပူးပေါင်းပြီး ပြည်တွင်းအသင်းအဖွဲ့တွေနဲ့ နိုင်ငံအချင်းချင်း ယဉ်ကျေးမှုပူးပေါင်းဖလှယ်ရေး၊ ချစ်ကြည်ရေးလုပ်ငန်းတွေကို ပိုမိုထိရောက်စွာနဲ့ အောင်မြင်စေဖို့အတွက် MOU ထိုးတာပါ”လို့ Myanmar Arts and Culture Development Association အတွင်းရေးမှူး ဦးသန်းထွန်းစိုးက MT Entertainment ကို ပြောပါတယ်။
အဆိုပါ အခမ်းအနားကို အကယ်ဒမီများရှင် အလင်္ကာကျော်စွာ ပန်းချီစိုးမိုး၊ မြန်မာအနုပညာနှင့် ယဉ်ကျေးမှုဖွံ့ ဖြိုးတိုးတက်ရေးအသင်းရဲ့ ဥက္ကဋ္ဌ ဒေါ်အေးသဉ္ဇာသူ၊ မြန်မာ-အမေရိကန်ဆိုင်ရာ ယဉ်ကျေးမှုသံတမန် Mr. Xing Bo၊ မြန်မာ့တောင်သူလယ်သမားဘဝတိုးတက်မြင့်မားရေးဖောင်ဒေးရှင်းဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
Mr. Xing Bo က အမေရိကန်နိုင်ငံမှာ ဒါရိုက်တာတစ်ဦးအနေနဲ့ ဇာတ်ကားရိုက်ကူးထုတ်လုပ်နေသူဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံက ရိုးရာယဉ်ကျေးမှုတွေကို အမေရိကန်ဘက်နဲ့ ထိတွေ့ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာအနုပညာနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းက မြန်မာ- အမေရိကန်ဆိုင်ရာ ယဉ်ကျေးမှုသံတမန်အဖြစ် ခန့်အပ်ခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီနောက် နှစ်ဦးနှစ်ဖက်အသင်းတွေက အကျိုးရှိစေမယ့် အသင်းရဲ့လုပ်ဆောင်ချက်တွေကို ဆွေးနွေးပြောကြားခဲ့ပြီး လက်ဆောင်တွေ အပြန်အလှန်ပေးအပ်ကာ နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
“ကျွန်တော်တို့ မြန်မာ့တောင်သူလယ်သမားဘဝ တိုးတက်မြင့်မားစေရေးနဲ့ မြန်မာအနုပညာနှင့်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ MOU ထိုးတာကို တောင်သူလယ်သမားတွေအတွက် ၉၀ ရာခိုင်နှုန်း အကျိုးစီးပွားအတွက် ဘယ်လို့ပူးပေါင်းဆောင်ရွက်မှာကို ညှိနှိုင်းကြတာပါ။ တောင်သူလယ်သမားတွေအတွက်လည်း ပြည်ပနိုင်ငံက စိုက်ပျိုးရေးတွေ အဖက်ဖက်က တိုးတက်လာအောင်လုပ်ဆောင်နိုင်ဖို့အတွက် ပါပါတယ်”လို့ မြန်မာ့တောင်သူလယ်သမားဘဝတိုးတက်မြင့်မားရေးဖောင်ဒေးရှင်းရဲ့ အထွေထွေအတွင်းရေးမှူး ဦးမင်းကိုမြင့်က ပြောပါတယ်။
#မြန်မာ့အနုပညာနှင့်ယဥ်ကျေးမူ့ဖွံဖြိုးတိုးတတ်ရေးအသင်း #ဦးသန်းထွန်းစိုး #MyanmarArts_CultureDevelopmentAssociation #MOU #MrXingBo #မြန်မာ့တောင်သူလယ်သမားဘဝတိုးတက်မြင့်မားရေးဖောင်ဒေးရှင်း #နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်း #MACDA








