◾ “မင်းတို့ကိုရွံတယ်၊ ခွေးသူတောင်းစားတွေ”ဟုပါ KIA ကို ဆဲဆိုနှင်ထုတ်
နေမိုး
၈. ၇.၂၀၂၆
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေလုံကျေးရွာတွင် ဇူလိုင် ၆ ရက်နေ့ ည သန်းခေါင်အချိန်က KIA လက်နက်ကိုင်တစ်ဦးက အမူးလွန်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အမျိုးသမီးတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ပြီးနောက် မိမိကိုယ်ကိုယ် ပြန်ပစ်ကာ အဆုံးစီရင် သေဆုံးသွားကြောင်း သိရသည်။
ဝှေ့လုံရွာသည် ဖားကန့်မြို့နယ်တောင်ဘက်ရှိ နာမည်ကျော် ကျောက်စိမ်းထွက်ရာ ဝှေခါမှော်မှ အင်းတော်ကြီးဘက်သို့ သွားသည့်လမ်းပေါ်တွင် ရှိသဖြင့် လမ်းပန်းဆက်သွယ်ရေးအရ အရေးပါသော ရွာတစ်ရွာဖြစ်ပြီး KIA သောင်းကျန်းသူအဖွဲ့ ထိန်းချုပ်ထားသည့်ရွာဖြစ်သည်။ ဖြစ်စဥ်ဖြစ်ပွားချိန် KIA သောင်းကျန်းသူ ၂ ဦးက ဝှေ့လုံကျေးရွာရှိ ဘရဏီစားသောက်ဆိုင်တွင် သောက်စားကာ ဖြတ်သန်းသွားလာသည့် လူငယ်တစ်ဦးကို အကြိမ်ကြိမ်ရိုက်နှက်ပြီး အရက်မူး၍ ပြဿနာရှာရာက ဝင်ရောက်ထိန်းကျောင်းသည့် ရပ်မိရပ်ဖ ဦညွန့်မောင် ဆိုသူကို ထိုးကြိတ်သည့်အပြင် အသက် ၃၃ နှစ်အရွယ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအိုက်နှောင်းနှင့် အသက် ၅၅ နှစ်အရွယ် ဘရဏီစားသောက်ဆိုင်ပိုင်ရှင် ဒေါ်ချိုချိုဦးတို့ကို ပစ်သတ်သဖြင့် နှစ်ဦးစလုံး ပွဲချင်းပြီးသေဆုံးခဲ့သည်။ ထို့အပြင် ဒေသခံနှစ်ဦးလည်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။
အရက်မူးပြီး ပြည်သူများကို သေနတ်နှင့် ပစ်သတ်သည့် KIA လက်နက်ကိုင်သောင်းကျန်းသူနှစ်ဦးသည် ဝှေခါ – အင်းတော်ကြီးလမ်းပိုင်းရှိ ညောင်ထောက်စစ်ဆေးရေးဂိတ်မှ ဆက်ကြေးကောက်သည့် KIA အဖွဲ့ဝင်လက်နက်ကိုင်နှစ်ဦးဖြစ်သည်။ ထိုလူသတ်မှုဖြစ်စဥ်ကို KIA က ယခုအချိန်အထိ ဖုံးဖိထားသလို သေဆုံးသူများကို လျော်ကြေး၊ နစ်နာကြေးပေးလျော်မှုနှင့် မူးရူးသောင်းကျန်းပစ်သတ်ရာတွင်ပါဝင်ပြီး မသေဘဲကျန်သည့် KIA တစ်ဦးကိုလည်း အရေးယူမှု ရှိ မရှိ ထုတ်ပြန်ခြင်းမရှိပေ။
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့်ရုပ်သံတွင်လည်း ပြည်သူများက KIA အကြမ်းဖက်သောင်းကျန်းသူများကို နှစ်လိုမှုမရှိ ကြိမ်းမောင်း နှင်ထုတ်နေပြီး “မင်းတို့ကို ရွံတယ်”၊ “ခွေးသူတောင်းစားတွေ” ဟု KIA များကို ဆဲဆိုနှင်ထုတ်နေသည်ကို တွေ့ရသည်။
