




၆.၅.၂၀၂၅
Written by Thiri
ဂိတ်ကြေး ကျပ် ၁၃၂၀၀ ကို ကျပ် ၇၀၀၀ ပဲ ပေးလို့ဆိုကာ ဂိတ်ထွက်ခွင့်ပိတ်ပြီး ယာဉ်မောင်းတွေဆီက YBS Smart Card သိမ်းထားတဲ့အတွက် စိတ်ကျန်းမာရေးဆေးရုံ- မင်္ဂလာဈေးကို ပြေးဆွဲနေတဲ့ YBS ၂၇ ယာဉ်လိုင်းက ယာဉ်အစီးရေ ၂၀ ကျော် လိုင်းပြေးဆွဲရခြင်းမရှိလို့ နေ့စားယာဉ်မောင်းတွေ စားဝတ်နေရေးအခက်ကြုံနေရတယ်လို့ အဆိုပါယာဉ်လိုင်းမှ ယာဉ်မောင်းတချို့က MT News ကို ဆက်သွယ်ပြောကြားပါတယ်။
ယာဉ်မထွက်ရတာ မနေ့က ဧပြီ ၅ ရက်နေ့ နေ့တစ်ပိုင်းနဲ့ ဒီနေ့ ဧပြီ ၆ ရက် တစ်ရက်လုံး ဖြစ်ပြီး နောက်ရက်တွေမှာလည်း ထွက်ခွင့်ရ မရ မသိသေးဘူးလို့ အဆိုပါ ယာဉ်မောင်းတွေက ဆိုပါတယ်။
YBS – ၂၇ ယာဉ်လိုင်းမှာ ယာဉ်မောင်းသက်တမ်း ခြောက်နှစ်ကျော်ပြီဖြစ်တဲ့ ယာဉ်မောင်းတစ်ဦးက” ဘာလို့ ဂိတ်ကြေး ၁၃၂၀၀ ကျပ်ကို ၇၀၀၀ ပဲ ပေးလည်းဆိုတာဆိုတော့ သေချာမသိပါဘူး။ မနေ့က ဂိတ်ကြေး ၇၀၀၀ ပဲပေးတဲ့ ကားတွေ ဂိတ်ပိတ်တယ်ဆိုပြီး တစ်ကြောင်းထွက်ပြီး အပိတ်ခံရတယ်။ ဒီနေ့လည်း မမောင်းရဘူး။ ကျွန်တော်တို့ မထွက်တာမဟုတ်ဘူး။ သူတို့ (ကုမ္ပဏီဘက်က) ဘက်ကပိတ်တာပါ။ ကျွန်တော်တို့က အခု ဂိတ်ထွက်ခွင့်ပေးရင် အခု ထွက်ပါတယ်။ နောက်မှာ မှီခိုနေတဲ့ မိသားစုရှိတယ်။ ဒီက ပိုက်ဆံရမှ အိမ်စရိတ်၊ ကလေးမုန့်ဖိုး၊ ဒါတွေ ဖြေရှင်းရတာ။ အခု အိမ်ပြန်ရောက်လို့ သားသမီးက “အဖေ့ မုန့်ဖိုးပေး”ဆို ကိုယ့်မှာ ပေးစရာမရှိဘူး။ မိန်းမက ဈေးဖိုးဆိုရင်လည်း နေပါဦးလို့ပြောပြီး ဖြေရှင်းထားရတယ်” လို့ ကြုံတွေ့နေရတဲ့ အခက်အခဲကို ပြောပြပါတယ်။
YBS – ၂၇ ယာဉ်လိုင်းက အများပိုင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Translink ကုမ္ပဏီရဲ့ ကြီးကြပ်မှုအောက်မှာ ရှိနေတာပါ။ အဆိုပါ အများပိုင် ကုမ္ပဏီရဲ့ လက်အောက်မှာ၂၇ ယာဉ်လိုင်း အပါအဝင် ၈၅ ၊ ၇၆ ၊ ၁၃၂ နဲ့ ၁၂၀ ယာဉ်လိုင်း တွေရှိနေပြီး ယာဉ်အစီးရေ ၃၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။ ယာဉ်လိုင်း ၂၇ က ယာဉ်အစီးရေပေါင်း ၃၆ စီးရှိပြီး နေ့စဉ် ယာဉ်အစီးရေ ၂၅ စီးနဲ့ ၂၇ စီးကြား ပြေးဆွဲနေကာ ဂိတ်ကြေး နေ့စဉ် ၁၃၂၀၀ ကျပ်နဲ့ ထွက်နေရာကနေ ဘာကြောင့် ကျပ် ၇၀၀၀ သာ ပေးဆောင်လဲဆိုတာကို ယာဉ်ပိုင်ရှင်တစ်ဦးကို MT News က ဆက်သွယ်မေးမြန်းရာ “ကုမ္ပဏီက မတရားလုပ်တာတွေ များလာလို့ အခုလို လုပ်ကြတာပါ။ ကျွန်တော်တို့ လိုင်စင်ဝင်မှာတွေ၊ ဂက်စ်အိုးပြုပြင်တာတွေ ကုမ္ပဏီက ဘာမှလုပ်မပေးဘဲ သူတို့ကုမ္ပဏီရဲ့ တစ်ဖက်သတ်စာချုပ်ပေါ့။ ကျွန်တော်တို့ယာဉ်ပိုင်ရှင်တွေက သိန်းထောင်ကျော်တန်နေတဲ့ ကျွန်တော်တို့ကားတွေကို သူတို့ဆီမှာ ကျပ် ၁၃၅ သိန်းနဲ့ ရှယ်ယာဝင်ပြီး ယာဉ်ပိုင်ရှင်က ကိုယ့်ကားကိုယ် တစ်လ ကျပ်ငါးသိန်း ကုမ္ပဏီကို လစဉ်ပြန်သွင်းပြီး ငှားရမ်း စာချုပ် ချုပ် လုပ်ကိုင်ရမယ်ဆိုတာမျိုးတွေ ပါတဲ့ စာချုပ်မှာ လက်မှတ်ထိုးခိုင်းတယ်။ မထိုးရင် အစောကလို ကုမ္ပဏီက တာဝန်ယူရမှာတွေ မယူဘူး။ မလုပ်ပေးဘူးဆိုလို့ ဒီပြဿနာနဲ့ ကုမ္ပဏီရဲ့ မသမာမှု၊ အုပ်ချုပ်သူပုဂ္ဂိုလ်ရဲ့ မမှန်ကန်မှု ၊ ဒါတွေကို အဓိက မကျေနပ်လို့ အထက်ကို သိစေချင်တာ။ ဒါကြောင့်ပါ” လို့ ဆိုပါတယ် ။
YRTC အများပိုင်ကုမ္ပဏီ လိမိတက်အနေနဲ့ ရန်ကုန်မြို့တွင်းဝန်ဆောင်မှုပေးနေတဲ့ ယာဉ်လိုင်းတွေက တစ်ဦးချင်းပိုင်ယာဉ်တွေကိုစုဖွဲ့စေကာ တစ်ဆင့်ခံအများပိုင်ကုမ္ပဏီဖွဲ့စည်းတည်ထောင်ပြီးလုပ်ကိုင်စေတာပါ။အဲဒီကုမ္ပဏီတွေရဲ့ စီမံခန့်ခွဲ့မှုကနေတစ်ဆင့် ယာဉ်လိုင်းတွေ စည်းစနစ်ကျစေဖို့ YRTC က စီမံခန့်ခွဲလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် YRTC နဲ့ လက်အောက်ခံအများပိုင်စုဖွဲ့ကုမ္ပဏီ၊ အဲဒီလို အများပိုင်စုဖွဲ့ကုမ္ပဏီနဲ့ တစ်ဦးချင်းယာဉ်ပိုင်ရှင် စတဲ့ အဆင့်တွေအတွင်း ဖြစ်ပေါ်နေတဲ့ လာဘ်ပေးလာဘ်ယူမှု၊ စီမံခန့်ခွဲခွင့် အလွဲသုံးစားဖြစ်နေမှုတွေကလည်း YRTC အများပိုင်ကုမ္ပဏီ ရဲ့ စနစ်ကောင်း မူကောင်းတွေနဲ့ ဖော်ဆောင်နေတဲ့ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလမ်းစဉ်ကို နှောင့်နှေးနေမှုတွေ ဖြစ်နေရတယ်လို့လည်း ယာဉ်ပိုင်ရှင်တချို့က ဆိုကြပါတယ်။
“ဂိတ်ကြေးက သတ်မှတ်နှုန်းထားက YRTC က ချမှတ်တာ ကျပ် ၇၀၀၀ ပဲ။ အရင်က ဘာလို့ ၁၃၂၀၀ ပေးလာလည်းဆိုရင် အရင်လုပ်ရတာ အဆင်ပြေလို့ ကျွန်တော်တို့လိုအပ်တာလည်း လုပ်ပေးလို့။ အခုက သူတို့ဘက်က တင်းကျပ်လာတော့ ကျွန်တော်တို့ကလည်း ဒီလိုလုပ်ရတာ။ အဲဒီ ၁၃၂၀၀ မှာလည်း ကျပ် ၇၀၀၀ အပြင်ကျပ် ၅၀၀၀ က ကုမ္ပဏီ စီမံခန့်ခွဲဖို့အတွက် ကောက်ခံထားတာာ။ နောက်ဘော်ဒါကြေးက ကျပ် ၁၀၀၀၊ ကားရေဖြည့်တာက ၁၂၀၀ အဲ့လိုပေးရတာ” လို့ လူငယ် ယာဉ်ပိုင်ရှင်တစ်ဦးက ရှင်းပြပါတယ်။
YBS ၂၇ ယာဉ်လိုင်းရဲ့ အခုလို ဂိတ်ကြေးလျှော့ပေးတာကနေ ယာဉ်မထွက်ရတာတွေအထိ ဖြစ်ပေါ်လာရတဲ့ အဓိက အရင်းမြစ်ကတော့ Translink အများပိုင်ကုမ္ပဏီရဲ့ မမျှတဲ့ တစ်ဖက်သတ်စာချုပ်ကြောင့်လို့လည်း ယာဉ်ပိုင်ရှင်တချို့က ထောက်ပြပါတယ်။ အများပိုင်ကုမ္ပဏီဖွဲ့စည်း တည်ထောင်တဲ့အခါ လမ်းကြောင်းတူယာဉ်လိုင်းတွေ စုဖွဲ့ပြီး အများပိုင်ကုမ္ပဏီအောက်ကို ဝင်ကြပါတယ်။ အဲဒီကုမ္ပဏီနာမည်နဲ့ ယာဉ်လိုင်းထဲက BOD အကြီးအကဲရွေးချယ်တင်မြှောက်ပြီး အုပ်ချုပ်စေပါတယ်။ ကားကိုလည်း ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုအောက်ကနေ YRTC ရဲ့ အများပိုင် ကုမ္ပဏီစည်းမျဉ်းစည်းကမ်းတွေအတိုင်း ယာဉ်ပိုင်ရှင် အမည်အစား ကုမ္ပဏီအမည်ဖောက်ပြီး စာချုပ်တစ်ခု၊ ယာဉ်ပိုင်ရှင်နဲ့ ကုမ္ပဏီကြား ပိုင်ဆိုင်မှု သဘောတူစာချုပ်တစ်ခု ချုပ်ဆိုကြပါတယ်။ ဒါပေမယ့် YRTC ရဲ့ လပတ်အစည်းအဝေး၊ နှစ်ပတ်လည် အစည်းအဝေးတွေမှာတော့ အဆိုပါ BOD တာဝန်ရှိသူအဖွဲ့တွေကပဲ တက်ရောက် ဆောင်ရွက်ရတာပါ။
ကားက ကုမ္ပဏီနာမည်ပေါက်သွားတဲ့အခါ၊ လုပ်ငန်းလိုင်စင်ဝင်တာကအစ၊ အစိုးရနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေ၊ ချမှတ်တဲ့ ပေါ်လစီတွေမှာ ကုမ္ပဏီအမည်အောက်ကနေ ကုမ္ပဏီရဲ့ ထောက်ခံမှုနဲ့ လွယ်ကူပြီးစီးချောမွေ့ခဲ့တယ်လို့ ဆိုပါတယ်။ အခုအခါမှာ အဆိုပါအများပိုင် ကုမ္ပဏီက ယာဉ်ပိုင်ရှင်တစ်ဦးချင်းနဲ့ ကုမ္ပဏီအကြား ချုပ်ဆိုတဲ့ နားလည်မှု စာချုပ်တွေကို ဖျက်သိမ်းလိုက်ပြီး ယာဉ်အားလုံး ကုမ္ပဏီ အမည်ပေါက်ကာ ယာဉ်ပိုင်ရှင်က အစုရှယ်ယာဝင်အနေနဲ့ ပါဝင်နိုင်ပြီး ပိုင်ဆိုင်တဲ့ယာဉ်တန်ဖိုးကိုလည်း ကာလပေါက်ဈေးနဲ့ တန်ဖိုးမဖြတ်ဘဲ ကျပ် ၁၃၅ သိန်းနဲ့ တန်ဖိုးဖြတ်တာ စတာတွေက ယာဉ်ပိုင်ရှင်တွေအတွက် ဆုံးရှုံးမှု ဖြစ်လာနိုင်မလားဆိုတဲ့ ပူပန်စိတ်နဲ့ စာချုပ်ကို မျှတမှုရှိရှိ ပြန်လည်ပြင်ဆင်ချင်တာမျိုးလို့လည်း ပြဿနာကိုရှင်းပြပါတယ်။
ကာလပေါက်ဈေး သိန်းထောင်ချီနေတဲ့ ယာဉ်တစ်စီးကို အစိုးရက ငွေကျပ် ၁၃၅ သိန်းနဲ့ တန်ဖိုးဖြတ်ပြီး အစုရှယ်ယာဝင်ခိုင်းသလို ယာဉ်ပိုင်ရှင်က ကိုယ့်ကားကိုယ် ကိုယ့်အမည် ပေါက်မရှိတော့တဲ့အပြင် စာချုပ်ပါအချက်အလက်အရ တစ်လကျပ်ငါးသိန်းနဲ့ ကုမ္ပဏီကနေ ပြန်လည်ငှားရမ်းလုပ်ကိုင်ရမယ်ဆိုတာလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။ အဲ့လို ပြန်လည် ငှားရမ်းလုပ်ကိုင်ရာမှာလည်း အစုရှယ်ယာဝင်ထားပြီးသားသူရဲ့ နာမည်နဲ့ မဖြစ်ရဘဲ အခြားဆွေမျိုးတစ်ဦးဦးရဲ့ အမည်နဲ့ ငှားရမ်းရတဲ့အပေါ် ကျေလည်ရှင်းလင်းမှု မရှိတာကြောင့်ရော ခေတ်ကာလအရ လစဉ် ကျပ်ငါးသိန်း ယာဉ်တစ်စီးအတွက်ပေးသွင်းဖို့ဆိုတာ မဖြစ်နိုင်ကြောင်းနဲ့ နှစ်လဆက်တိုက် မပေးသွင်းပါက ယာဉ်ကို ကုမ္ပဏီက ပြန်သိမ်းမယ် ဆိုတဲ့ အချက်အလက်တွေပါစာချုပ်မှာ ပါဝင်နေလို့ ဒီထက်ရှင်းလင်းနားလည်လွယ်မယ့် ရွေးစရာလမ်းတစ်ခုခုတော့ ရှိသင့်ကြောင်းလည်း ပြောကြပါတယ်။
“ယာဉ်ကို ရောင်းထုတ်ပြန်ရင်လည်း Translink ကမို့ ဝယ်မယ့်သူတောင်မရှိဘူး။ ကုမ္ပဏီ ပေါ်လစီမကြိုက်ကြလို့ပေါ့။ တခြားကုမ္ပဏီတွေက ပွင့်လင်းမြင်သာတယ်။ အခုက အများပိုင်ကုမ္ပဏီရဲ့ ဦးဆောင်သူနဲ့ ယာဉ်ပိုင်ရှင် တွေကြားမှာ ဖြစ်နေတဲ့ပြဿနာပါ။ ဒါတွေကို YRTC က ဝင်ရောက်ဖြေရှင်းပေးစေချင်သလို အခု Translink ကုမ္ပဏီရဲ့ စာချုပ်ကိုလည်း သဘောမတူလို့ ကျွန်တော်တို့ ယာဉ်ပိုင်ရှင်တွေဘက်ကလည်း ဥပဒေနားလည်တတ်ကျွမ်းတဲ့သူနဲ့ပဲ ဖြေရှင်းညှိနှိုင်းချင်ပါတယ်” လို့လည်း လိုင်းနံပါတ်၂၇ မှ ယာဉ်ပိုင်ရှင်တချို့က MT News ကို ပြောပါတယ်။
လက်ရှိအချိန်မှာတော့ အခုလို ယာဉ်မထွက်တာမျိုးဘယ်နှစ်ရက်အထိ ပြုလုပ်မယ်ဆိုတာ မသိရှိကြတဲ့အတွက် နေ့စား အခေါက်ကြေးနဲ့ မောင်းနှင်နေကြတဲ့ ယာဉ်မောင်းတွေ ဝင်ငွေရပ်တန့်နေပြီး၊ လာမယ့် ကျောင်းဖွင့်ရာသီမှာ ကလေးတွေရဲ့ ကျောင်းအပ်နှံရေး ကုန်ကျစရိတ်၊ လကုန်ပေးရမယ့် အိမ်ငှားခနဲ့ နေ့စဥ်မပြေလည်တဲ့ စားဝတ်နေရေးအတွက် ယာဉ်အမြန်ဆုံးပြန်လည်ထွက်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။
