
၆.၅ . ၂၀၂၅
Written by Phyo Wei
ချင်းပြည်နယ်၊ ပလက်ဝမြို့မှာ သားသည်မိခင် ချင်းအမျိုးသမီးကို ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့ဝင် နှစ်ဦးက မုဒိန်းကျင့်ပြီး ချောင်းထဲ ရေနှစ်သတ်ဖို့အထိ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့မှုဖြစ်စဥ်က မှန်ကန်တယ်လို့ AA လက်နက်ကိုင်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ဝန်ခံလိုက်တဲ့ ဒီတစ်ပတ်မှာပဲ ချင်းပြည်နယ်ရဲ့ မြို့တော် ဟားခါးကို မြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့အတွက် လူငယ်တွေ လာရောက်ပူးပေါင်းကြဖို့ ဟားခါးမြို့အခြေစိုက် ချင်းလက်နက်ကိုင် PDF တပ်ဖွဲ့ဖြစ်တဲ့ CDF Hakha က ထုတ်ပြန်ချက်ထုတ် ဖိတ်ခေါ် လှုံ့ဆော်နေတာကို တွေ့ခဲ့ရသလို လားရှိုးမြို့ကို တပ်မတော်က ထိန်းချုပ်လိုက်ပြီးနောက် ပြန်လည် လည်ပတ်ဖို့ ကြိုးစားနေပေမဲ့လည်း လားရှိုးထောင်ဖွင့်ပြီး ရာဇဝတ်သားတွေကို တရုတ်ကိုးကန့် MNDAA လွှတ်ပေးခဲ့တာကြောင့် ငြိမ်ဝပ်ပိပြားမှု ခက်ခဲနိုင်သလို လားရှိုးဆေးရုံကြီးက ပစ္စည်းတွေကိုလည်း MNDAA က တိုက်ပွဲအတွင်း ဖျက်ဆီးခဲ့မှုနဲ့ မြို့ကစွန့်ခွာအပြီးမှာ နိုင်ငံနဲ့ပြည်သူပိုင် ဆေးရုံသုံးပစ္စည်းတွေကို အခွင့်မရှိဘဲ ဖြုတ်ခိုးယူသွားကြတာကြောင့် စနစ်တကျပြန်လည် လည်ပတ်ဖို့ အခက်ကြုံခဲ့ရတဲ့ဖြစ်စဉ်တွေ မြင်တွေ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း အပစ်ရပ်မယ်ကြေညာပြီးတိုင်း ကတိမတည်ကြတဲ့ AA အပါအဝင် မြောက်ပိုင်းသုံးဖွဲ့က တစ်လအပစ်ရပ် ထပ်မံသက်တမ်းတိုးမယ်ကြေညာလာပြန်တာ၊ အလုပ်သမားအရေးဗန်းပြပြီး KNU/ KNLA နဲ့ NUG-PDF ကို လက်နက်ထောက်ပို့လုပ်နေတဲ့ AAC ရုံးခန်း အသွင်ပြောင်း AAC ဂေဟာကို ထိုင်းအစိုးရတာဝန်ရှိသူတွေက ဖြိုဖျက်လိုက်တာ၊ အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ကျေးဇူးသိတတ်တဲ့အနေနဲ့ မူးယစ်ဆေးဝါးဖောက်ကားမှုမှာ မပါဝင်ဖို့ ချင်းဒုက္ခသည်ကော်မတီ ထုတ်ပြန်လာတာ၊ ရွှေဘိုက ငါးမည်ရ PDF အဖွဲ့ဟာ မိတ္ထီလာက PDF ဒရုန်းတပ်ဖွဲ့ဝင် ၃ ဦးကို ငွေလိမ်မှုနဲ့ဖမ်းရာမှာ မိသားစုဝင်အမျိုးသမီး ၂ ဦးအပြင် ရွှေငွေတွေကိုပါ လုယက် ဖမ်းဆီးသွားလို့ ဖမ်းဆီးခံ အမျိုးသမီး ၂ ဦးကို ပြန်လွှတ်ဖို့နဲ့ လုယက်သိမ်းယူရွှေငွေ ပြန်ပေးဖို့ တောင်းဆိုလာတာ၊ အကြမ်းဖက်သောင်းကျန်းသူတွေက မြန်မာ့ မီးရထားလမ်းပိုင်းမှာ ဗုံးခွဲမှု ၂၇၂ ကြိမ် ကျူးလွန်ခဲ့တာ၊ PDF ၃၂ ဦးက သေနတ်တွေ၊ ဗုံးတွေနဲ့ ကျည်ဆံတွေပါ သယ်ယူလာပြီး တပ်မတော်ထံ အလင်းဝင်လာလို့ တပ်မတော်က သိန်းရာချီ ဆုချီးမြှင့်တာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့မောင်နှမ အမွေလုနေကြတဲ့ခြံအမှတ် (၅၄) ကို မူရင်းစျေး ၃၁၅ ဘီလျံကနေ ကျပ် ၂၇၀ ဘီလျံအထိ လျှော့ချရောင်းပေမဲ့လည်း လေလံဆွဲ ဝယ်ယူရဲသူမရှိသေးတာတွေအပြင် ပြည်သူ့စစ် မဟာဗျူဟာ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး စစ်မှုထမ်းဟောင်းတွေ ဆက်လက်ကြိုးပမ်း ပုံဖော်ဆောင်ရွက်ပေးဖို့ SAC ဥက္ကဋ္ဌ ပြောကြားလိုက်တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပေမယ့် ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကိုတော့ PDF တွေ ကိုယ်ကျိုးစီးပွားရှာနေတယ်လို့ မန်းဝင်းခိုင်သန်း ဝေဖန်လိုက်တဲ့အကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်မှာ ရခိုင်မြေ သိမ်းယူဖို့နဲ့ ပတ်သက်ပြီး လှုပ်ခတ်လာနေတဲ့ မြန်မာ့အချုပ်အခြာထိပါးနိုင်မှုအကြောင်းနဲ့ နိုင်ငံရေးနဲ့ ညှိနှိုင်းမှုထက် စစ်ရေးနဲ့ တိုက်ခိုက်မယ့်လမ်းရွေးသွားတဲ့ TNLA အကြောင်းတွေကို တင်ပြချင်ပါတယ်။
◾ ကိုယ်ကျိုးစီးပွားရှာ PDF
PDF တွေဟာ မူလတော်လှန်ရေးရည်မှန်းချက်တွေအပေါ် အားစိုက်မှုနည်းလာပြီး အာဏာအလွဲသုံးစားပြုတာ၊ ဘဏ္ဍာငွေတွေကို မရိုးမသားစီမံတာနဲ့ ကိုယ်ကျိုးစီးပွားကို ဦးစားပေးလာတာ တွေ့ရှိရတယ်လို့ NUG ရဲ့ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထုတ်ဖော်ဝန်ခံလိုက်တာ တွေ့ရပါတယ်။
CRPH နဲ့ NUG မှာ နေရာယူပြီး ပြည်ပထွက်ပြေးတဲ့အမတ်တွေနဲ့ NUG အစိုးရအဖွဲ့ဝင်တွေဟာ သူတို့ယုံတဲ့ PDF တွေ ဘ၀ပျက်သွားချိန်မှာ သူတို့က မိသားစုလိုက် ပညာသင်ကြ၊ စည်းစိမ်ခံပြီး ပြည်သူ့အလှူငွေ ကိုယ်ကျိုးရှာနေကြတာအပြင် ထောက်ပို့တွေကပါ ကိုယ်ကျိုးရှာ ချမ်းသာနေချိန်မှာ မန်းဝင်းခိုင်သန်းက PDF လို့ စုပေါင်းခေါ်ပြီး နာမည်ပျက်ထွက်နေတဲ့ ပသုံးလုံးတွေဖြစ်တဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တွေကလည်း သူတို့နဲ့ ထပ်တူဖြစ်တယ်လို့ မြေပြင်မှာ အသက်စတေးနေရသူတွေအပေါ် ဝေဖန်လိုက်ရင်း သေဖော်ညှိ အပြစ်ဖို့လာတဲ့ အသွင်လည်းဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ မုဒိမ်းမှု၊ လူသတ်မှု၊ လုယက်မှု မကျူးလွန်ဖူးတဲ့ တပ်မတော်ဆိုတာ မရှိခဲ့သလို ပြည်သူ့တပ်မတော်ဆိုတဲ့ PDF တွေမှာလည်း စာမတတ်၊ ပေမတတ် အရပ်ထဲမှာ လူမိုက်လုပ်ရင်းကနေ လက်နက်ကိုင်ကြသူတွေ များသထက်များလာ၊ ခံယူချက်ကြောင့် လက်နက်ကိုင်သူတွေ တိုက်ပွဲကျကုန်လို့ ပေါ်တာကနေ စစ်မှူထမ်းစုရသူတွေ ပိုတိုးလာချိန်မှာတော့ ဗိုလ်ချုပ်ကြီး ယွက်ဆစ် နိမိတ်ဖတ်ခဲ့သလို ဓားပြသာသာတွေ ဖြစ်လာပြီး ပသုံးလုံး PDF တွေ ကျူးလွန်တဲ့ မုဒိမ်းမှု၊ လူသတ်မှု၊ လုယက်မှု၊ ဆက်ကြေးကောက်ခံမှု၊ သစ်၊ ရွှေ၊ ရေနံ၊ ကျောက်မျက် ခိုးထုတ်ပြီး ကိုယ်ကျိုးရှာမှုတွေဟာ တင်းကြမ်းမြင်လာရတာပါ။ နေရာအနှံမှာလည်း ပသုံးလုံး PDF တွေရဲ့ မတရားမှုတွေ လက်နက်ကိုင်အနိုင်ကျင့်မှုတွေက ထွက်ပေါ်လာနေလို့ ဒုက္ခသည်ပြည်သူကိုယ်တိုင် သူတို့ယုံခဲ့တဲ့ PDF ကို ပြန် ဆန္ဒပြနေကြရတာပါ။ အခြားတစ်ဖက်မှာလည်း ပြည်သူ့တပ်မတော်အမည်ခံထားပေမဲ့ ကေတီဗီ၊ မာဆတ်၊ ပြည့်တန်ဆာခန်းတွေပါဖွင့်ပြီး စီးပွားရှာလာနေတဲ့ မြိုင် PDF လို လက်နက်ကိုင်တွေဟာ တစ်ရက်ကို သိန်း ၁၀၀၀၀ အထက် ဝင်ငွေရနေပေမဲ့လည်း NUG အတွက် အခွန်ကတော့ ဆင့်ပါးစပ် နှမ်းပက်သလောက်သာ ပေးနေတာမို့လို့ မန်းဝင်းခိုင်သန်းက PDF တွေကို ပြန်ဝေဖန်တာလည်း ဖြစ်နိုင်ပေမဲ့ အသေချာဆုံးကတော့ ပြည်သူ့တပ်မတော်အမည်ခံထားတဲ့ NUG ရဲ့ PDF တွေ ပသုံးလုံးတွေဟာ လက်နက်ကိုင်အဓမ္မမှုများစွာကို အလွယ်တကူကျူးလွန်လာနေတဲ့အပြင် NUG ကလည်း ဖိဖိစီးစီး အရေးမယူရဲတဲ့ စစ်ရာဇဝတ်မှုအဖွဲ့အစည်းတစ်ခု ဖြစ်လာနေပြီဆိုတာပါ။
◾ ဘင်္ဂလားဒေ့ရှ်ဘက်မှာ လှုပ်ခတ်လာနေတဲ့ မြန်မာ့အချုပ်အခြာ
AA ဟာ ရခိုင်မြို့တွေကို အလွယ်တကူနီးပါး သိမ်းယူထားပြီး ပြန်လည် တိုက်ထုတ်သိမ်းယူဖို့ ဆောင်ရွက်တာ မတွေ့ရှိရတဲ့နောက်မှာ ရေလယ်မှာ ရောက်နေတဲ့ မာန်အောင်၊ မြို့တော် စစ်တွေနဲ့၊ တရုတ်စီမံကိန်းတွေရှိရာ ကျောက်ဖြူ သုံးခုပဲ ရခိုင်မှာ ကျန်တော့တဲ့အပြင် AA က သူသိမ်းရာနယ်မြေတွေ အလွယ်တကူလာ မတိုက်ခိုက်နိုင်အောင် ပဲခူးတိုင်းနဲ့ ဧရာ၀တီအထိပါ Buffer Zone ခံပြီး ရခိုင်နယ်မြေတွေ သူအပိုင်ရရေးကတ်တွေကိုင်ဖို့ လုံးပန်းလာတာ မြင်တွေ့လာရပါတယ်။
တစ်ဖက်မှာလည်း ARSA က ရခိုင်မြေတွေ သိမ်းယူထားတဲ့ AA ကို ပြောက်ကျားတိုက်ခိုက်မှုလုပ်ဆောင်လာတာမြင်ရသလို ဘင်္ဂလားဒေ့ရှ်ဘက်မှာကလည်း ဘင်္ဂါလီတွေကို ပြန်ပို့ဖို့ လုပ်ငန်းစဉ်အတွက် နယ်စပ်မျဉ်းမှာ တရားဝင်မြန်မာအစိုးရ မရှိတော့တာကြောင့် မြန်မာအစိုးရက အကြမ်းဖက်သတ်မှတ်ထားတဲ့ AA ကိုပဲ ဘင်္ဂလားဒေ့ရှ်က မတတ်သာလို့ ဆက်ဆံရတော့မယ့် အခြေအနေဖြစ်လာတာပါ။ ဒီအခြေအနေမှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကလည်း တည်ငြိမ်မှုပျက်ပြားနေတဲ့ ဘင်္ဂလားဒေ့ရှ်နယ်မြေထဲက၊ အစာရေစာပြတ်လပ်နေတဲ့ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းက အရပ်သားပြည်သူတွေဆီ ကုလသမဂ္ဂရဲ့ အထောက်အပံ့ပစ္စည်းတွေ ပေးပို့မယ့်စင်္ကြံကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်လျက်ဖွင့်လှစ်ဖို့ မူအားဖြင့်သဘောတူခဲ့တယ်လို့ ဧပြီလ ၂၉ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ကြားဖြတ်အစိုးရက ပြောခဲ့တာ တွေ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက အကြီးမားဆုံး အစ္စလာမ္မစ်နိုင်ငံရေးပါတီဖြစ်တဲ့ ဂျာမတ်- အီး-အစ္စလာမ်မီပါတီခေါင်းဆောင်တွေနဲ့ တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့တို့ ဧပြီလ ၂၇ ရက်က ဒက်ကာမြို့ရှိ ဟိုတယ်တစ်ခုမှာ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ရိုဟင်ဂျာအမည်ခံကြတဲ့ ဘင်္ဂါလီအများစုနေထိုင်ရာဒေသကို လွတ်လပ်တဲ့ ရခိုင်ပြည်နယ်သစ်အဖြစ် ဖန်တီး သတ်မှတ်ရေး ဂျာမတ် -အီး-အစ္စလာမ်မီပါတီက အဆိုပြုခဲ့တယ်လို့ သတင်းတွေရေးသားဖော်ပြခဲ့တာလည်း တွေ့ရပြန်ပါတယ်။
ဂျာမတ်-အီး-အစ္စလာမ်မီပါတီခေါင်းဆောင်တွေဟာ နောက်ပိုင်းမှာတော့ ရိုဟင်ဂျာအမည်ခံကြတဲ့ ဘင်္ဂါလီအများစုနေထိုင်ရာဒေသကို လွတ်လပ်တဲ့ ရခိုင် ပြည်နယ်သစ်အဖြစ်ဖန်တီးရေးက နားလည်မှုလွဲတာလို့ ပြောခဲ့ကြသလို ရခိုင်ပြည်နယ်အတွင်းက အရပ်သားပြည်သူတွေဆီ ကုလသမဂ္ဂရဲ့ အထောက်အပံ့ပစ္စည်းတွေ ပေးပို့မယ့်စင်္ကြံကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အချုပ်အခြာအာဏာထိပါးနိုင်မှုကြောင့် စိုးရိမ်မှုတွေဖြစ်ရကြောင်း ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ(BNP) အပါအဝင် ပါတီတချို့က ဝေဖန်ခဲ့ကြတာ တွေ့ရပါတယ်။
ဒီဖြစ်ရပ်တွေဟာ အမေရိကန်နိုင်ငံက ဘင်္ဂလားဒေ့ရှ်ကတစ်ဆင့် ရခိုင်လက်နက်ကိုင် AA၊ ဘင်္ဂါလီလက်နက်ကိုင် ARSA နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) အပါအဝင် လက်နက်ကိုင်အချို့ကို စစ်ဘက်ဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့ စီစဥ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာအပြီးမှာ ဆင့်ကဲပေါ်ထွက်လာတာပါ။ ဒီလိုမျိုး AA၊ CNF နဲ့ ARSA ကို အမေရိကန်က လက်နက်ထောက်ပံ့မှု၊ ဘင်္ဂလားဒေ့ရှ်တပ်မတော်က ဒီစစ်ဆင်ရေးမှာ အဓိကအခန်းကဏ္ဍက ပါဝင်မှုနဲ့ တက္ကနပ်ဖ်မြိုမြောက်ဘက် ၃၀ ကီလိုမီတာအကွာ ဆီလ်ခါလီကျေးရွာမှာ ထောက်ပံ့ရေးစခန်းတစ်ခု ပြင်ဆင်နေတယ်ဆိုတာ၊ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေက တပ်မတော် ထိန်းချုပ်မှုအောက် ရှိနေဆဲဖြစ်လို့ ဒီမြို့တွေကို AA က အဓိကတိုက်ခိုက်မယ်ဆိုတာနဲ့ ဘင်္ဂလားဒေ့ရှ်လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေက မုတ်သုံရာသီ (မေလမှ ဩဂုတ်လ) အတွင်း စစ်ဆင်ရေးတွေ မထိရောက်နိုင်ဘူးလို့ ယူဆထားပြီး စက်တင်ဘာမှာ စတင်နိုင်တယ်လို ခန့်မှန်းထားပေမဲ့ AA၊ CNF နဲ့ ARSA တို ညှိနှိုင်းမှုအခြေအနေအပေါ်လည်း မူတည်နေတယ်ဆိုတာတွေ ဧပြီလထဲ သတင်းထွက်ခဲ့အပြီး သက်ဆိုင်ရာဘက်အသီးသီးက ငြင်းဆိုမှုမရှိတာကြောင့် ယေဘူယျအားဖြင့် ဒီသတင်းတွေက သတင်းတုဆိုတာထက် ပေါက်ကြားလာတဲ့သတင်းမှန်တွေဖြစ်ဖို့ များလာတဲ့ အခြေအနေဆိုတာ သတိပြုရမှာဖြစ်ပါတယ်။
အခြားတစ်ဖက်မှာ ကုလသမဂ္ဂရဲ့ အထောက်အပံ့ပစ္စည်းတွေ ပေးပို့မယ့်စင်္ကြံကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အချုပ်အခြာအာဏာထိပါးနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ်ပါတီတွေဘက်မှာ စိုးရိမ်နေတာကြောင့် ဒီလိုထောက်ပံ့ရေး စင်္ကြံဟာ မာလီ၊ ဗဟိုအာဖရိက၊ ဆူဒန်၊ တောင်ဆူဒန်၊ ကွန်ဂို၊ လက်ဘနွန်၊ ဆီးရီးယား၊ ကိုဆိုဗို၊ ဟေတီ၊ အိန္ဒိယနဲ့ ပါကစ္စတန် စတဲ့ နေရာဒေသတေတွမှာ ဖြန့်ချထားတဲ့ UN Peacekeeping Force လို လက်နက်ကိုင်တပ်တွေပါလာမလား တွေးဆစရာဖြစ်လာပါတယ်။ ဒီဖြစ်ရပ်တွေအားလုံးရဲ့ အရင်းအမြစ်ဟာ အပ်နဲ့ ထွင်းရမယ့် မြန်မာ့နယ်စပ်အရေးကို ပုဆိန်နဲ့ ပေါက်ရမယ့် ကမ္ဘာ့လူ့အခွင့်အရေးပြသနာအဖြစ် NLD အစိုးရဟောင်းက ဆွဲတင်ခဲ့မှုနဲ့ ဒုတိယက စစ်ရှုံးပြီး ပြန်တိုက်မယူမှုတွေကြောင့်ပါ။ ပြောပြီးသားတွေ ထပ်ပြောရမယ်ဆိုရင် ရခိုင်မြေဟာ လာမယ့် ဆယ်စုနှစ် သုံးခုလောက်မှာ ပင်လယ်ရေမျက်နှာပြင်အောက်ရောက်သွားနိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ Great Bengal (or) United Bengal အိပ်မက်၊ AA နဲ့ ARSA နယ်မြေလုမှု၊ OIC ၊ အမေရိကန်နဲ့ အနောက်နိုင်ငံတို့က လူ့အခွင့်အရေးအကြောင်းပြု အစ္စလာမ္မစ်ခွဲထွက်နိုင်ငံထူထောင်လိုတဲ့နေရာ (ဒါမှမဟုတ်) အမေရိကန်က ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြား ခရစ်ယာန်ပြည်နယ်လိုမျိုး နိုင်ငံငယ်တစ်ခု ထူထောင်ချင်တဲ့ နေရာ၊ တရုတ်နိုင်ငံရဲ့ BRI ထွက်ပေါက်၊ အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော်မူဝါဒနဲ့ အိန္ဒိယ-မြန်မာ- ထိုင်း သုံးနိုင်ငံအပြင် BIMSTEC အတွက် အချက်အခြာကျတဲ့ စစ်တွေမြို့က ကုလားတန်စီမံကိန်း စတာတွေနဲ့ အခြေအနေ ရှုပ်ထွေးနေချိန် အခုက ကုလသမဂ္ဂရဲ့ စင်္ကြံက ထပ်ဝင်လာပြန်တာပါ။ ဒီလို အခြေအနေအရပ်ရပ် ပေါင်းဆုံမှုဟာ သာမန် အခြေအနေမဟုတ်ဘဲ မြန်မာ့မြေကို ဖဲ့ယူဖို့ ကြံစည်မှုတွေ တစ်စတစ်စ ရုပ်လုံးပေါ်လာနေတာဖြစ်ပြီး ဒီအခြေအနေကို လျှော့တွက်ရင်တော့ မကြာခင်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြားက ရခိုင်မြေပေါ်မှာ နိုင်ငံငယ်တစ်ခုဖြစ်လာတော့မလားဆိုတာ မြင်လာရနိုင်မှာပါ။
◾ စစ်ရေးရွေးတဲ့ TNLA
နစကရဲ့ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေနဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) က ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်တဲ့ ကိုယ်စားလှယ်တွေဟာ တရုတ်နိုင်ငံရဲ့ကြားဝင်စီစဉ်မှုနဲ့ ဧပြီလ (၂၈) ရက်နဲ့ (၂၉)ရက်မှာ အပစ်အခတ်ရပ်စဲနိုင်ဖို့အတွက် တရုတ်ပြည်၊ ကူမင်းမြို့မှာ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြချိန်မှာ အပစ်အခတ်ရပ်စဲရေးအတွက် TNLA က မသက်ဆိုင်ဘဲ နယ်မြေလုယက် စိုးမိုးထားရာ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စတဲ့ဒေသတွေက TNLA တပ်တွေ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တဲ့ နမ့်ဆန်နဲ့ မန်တုံမြိုနယ်အတွင်းထိ ဆုတ်ပေးဖို တောင်းဆိုမှုကို PSLF/ TNLA ဘက်က လက်မခံတာကြောင့် အပစ်အခတ်ရပ်စဲရေးတွေ့ဆုံပွဲက အဆင်မပြေဘဲ ဩဂုတ်လမှာ ထပ်မံတွေ့ဖို့ စီစဥ်ခဲ့တယ်လို့ PSLF/TNLA က သတင်းထုတ်ပြန်လာတာ တွေ့ရပါတယ်။
တရုတ်ညှိနှိုင်းမှုအရ SAC နဲ့ TNLA အကြား ဆွေးနွေးမှု အဆင်မပြေခဲ့တဲ့နောက်မှာ TNLA ဘက်ကလည်း ဒီနယ်မြေတွေက ဆုတ်ခွာမပေးဘူးလို့ တင်းမာမှုအပြင် SAC ဘက်ကလည်း စစ်ရေးလှုပ်ရှားမှုရှိနေတဲ့ TNLA သိမ်းယူထားရာ မိုးကုတ်၊ ကျောက်မဲ၊ နောင်ချိုနေရာအချို့ကို ဗုံးအနည်းငယ် ရက်ဆက် ကြဲလာတာတွေ့ရပါတယ်။ TNLA ဘက်ကလည်း သူတို့ တိုက်ခိုက်သိမ်းယူထားတဲ့ နယ်မြေတွေကို တရုတ်ဝင်ညှိလို့ MNDAA က ဆုတ်ခွာပေးရတဲ့ လားရှိုးပုံစံအတိုင်း လုပ်သွားမှာမဟုတ်ဘူးလို့ သတင်းစာရှင်းပွဲလုပ်ပြီး တင်းတင်းမာမာပြောခဲ့တဲ့အပြင် တရုတ်က ဖိအားပေးနေတယ်လို့ပါ အတိအလင်းပြောပြီး နိုင်ငံရေးညှိနှိုင်းမှုပုံစံထက် နယ်မြေခွဲထွက်ပြီး စစ်ရေးနဲ့ရှင်းမယ့်ပုံစံ ပြောလာတာကို တွေ့လာရပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး နယ်မြေလုယက်သိမ်းယူထားတာကလည်း ဆုတ်မပေး၊ တရုတ်ညှိနှိုင်းမှုလည်း ဖိအားပေးတယ်လို့ ပြောပြီး MNDAA လို လုပ်မှာမဟုတ်ဘူးလို့ PSLF/TNLA ထုတ်ပြောမှုအားလုံးရဲ့ အရင်းခံက နိုင်ငံတစ်ခုအဖြစ်ခွဲထွက်ချင်မှု၊ တရုတ်ကို အလေးမထားမှု၊ စစ်ရေးအရ အနိုင်ရနေတာ ငါတို့မို့လို့ စွမ်းရင် ပြန်တိုက်ယူလို့ နားရွက်တံတွေးဆွတ်တာလို့ပဲ သတ်မှတ်ရမှာပါ။
တကယ်ဆို တပ်မတော်က အပစ်ရပ်ထားတဲ့ကာလမှာ စစ်ရေးလှုပ်ရှားမှုရှိနေတဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်တယ်ဆိုပေမဲ့ TNLA သိမ်းထားတဲ့ မြို့တွေထဲက မြို့အနည်းစုကိုပဲ တစ်ရက် ဗုံးတစ်လုံးလောက်ကြဲပြီး ဟန့်ရုံလုပ်တာပါ။ ဒါကြောင့်လည်း ဧပြီ ၃၀ ကနေ မေ ၅ ရက်အတွင်း မိုးကုတ်၊ ကျောက်မဲ၊ နောင်ချိုလို စစ်ရေးလှုပ်ရှားမှုရှိရာနေရာအချို့ကို ကြဲတယ်ဆိုပေမဲ့ လူသေတာက တစ်ယောက်လောက်ပဲရှိတဲ့အပြင် တစ်ခါကြဲတစ်လုံးနှစ်လုံးနဲ့ ဆီဖြုန်းတဲ့အသွင်ပဲ မြင်ရတာပါ။ စစ်ပွဲတွေမှာ ဒေသအဆင့်၊ နိုင်ငံအဆင့်၊ နိုင်ငံတကာအဆင့်နဲ့ အင်အားကြီးနိုင်ငံတွေရဲ့ စွက်ဖက်မှုအဆင့်တွေမှာ မြန်မာ့ပြည်တွင်းစစ်က နိုင်ငံတွင်းအဆင့်နဲ့ နိုင်ငံတကာအဆင့်တင်မကတော့ဘဲ အင်အားကြီးနိုင်ငံတွေရဲ့ စွက်ဖက်မှုအဆင့်ထိ ရောက်နေပြီလို့ နားလည်စရာ သာဓကတွေ ရှိထားတာကြောင့် ဒီလိုစွက်ဖက်နိုင်ငံအထိ တက်ပြီးဆွေးနွေးရင် ကျည်တစ်တောင့်မကုန်ဘဲ စစ်နိုင်မှာဖြစ်ပေမဲ့ ဒီလိုမျိုးအဆင့်နဲ့ပါ ဖြေရှင်းမရရင်တော့ တမီလ်ကျားသူပုန်တွေကို သီရိလင်္ကာအစိုးရ အမြစ်ဖြုတ်သလိုမျိုးနဲ့ ဖြေရှင်းရပါမယ်။ ကမ္ဘာပေါ်မှာ တမီလ်ကျားသူပုန်တွေဟာ ကြည်းရေလေ အကုန်ပိုင်ခဲ့ဖူးတဲ့ တစ်ခုတည်းသော အင်အားကြီးသူပုန်တွေဖြစ်ပြီး ဒီလိုသူပုန်တွေကိုတောင် ညှိနှိုင်းမရချိန် အမြစ်ဖြုတ်ခဲ့ရတာဖြစ်လို့ မြန်မာနိုင်ငံမှာလည်း NCA အရ သူပုန်ဌာနချုပ်တွေ တိုက်ခိုက်မရဘူးဆိုရင်တောင် ဒါက NCA ထိုးထားတဲ့ EAO တွေကိုပဲ ညှာတာရမှာဖြစ်ပြီး NCA ထိုးမထားတဲ့၊ NCA လက်မခံတဲ့၊ NCA ဖျက်သိမ်းထားတဲ့ သူပုန် EAOs တွေကိုတော့ ဒီအချက်က လိုက်နာစရာမလိုဘဲ ဌာနချုပ်ပါ ကြဲရမယ်လို့ ရှုမြင်ပါတယ်။ ဒါ့ကြောင့် ဒေသအဆင့်၊ နိုင်ငံအဆင့်၊ နိုင်ငံတကာအဆင့်နဲ့ စွက်ဖက်နိုင်ငံကနေ ပြန်လည်ညှိနှိုင်းမှုအဆင့်တွေ ဘာတစ်ခုမှ မအောင်မြင်တော့ရင် ဌာနချုပ်အထိ အမြစ်ဖြုတ်ဖို့ပါ လုပ်ရပါမယ်။ အဲဒီလိုမဟုတ်ဘဲ ညှိမရတာကို ညှိလာမယ်ဆိုတဲ့ အိပ်မက်သေးသေးနဲ့ နာမည်ပျက်ရုံလောက် နယ်မြေကျူးထားတဲ့မြို့တွေ တစ်ခေါက် ဗုံးတစ်လုံးနဲ့ ကလူ၏သို့ မြူ၏သို့ လုပ်ရုံလောက်နဲ့တော့ ညှိနှိုင်းနိုင်ငံရေးက တိုင်းပြည်အတွက် အဖြေမဟုတ်တော့သလို သိက္ခာလည်း တက်စရာမရှိတာမို့ စစ်ရေးရွေးသွားတယ်ဆို စစ်ရေးကိုပဲ အပြင်းထန်ဆုံးတုံ့ပြန်ဖို့ အချိန်တစ်ခုသတ်မှတ်လုပ်ကိုင်ချိန် ရောက်ပြီလို့ ထင်မြင်မိတာ သုံးသပ်ရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။
