



၆.၅.၂၀၂၅
Written By Thandar
အောင်သီရိထုတ်လုပ်ရေးက ဘဝအမောတွေပြေစေမယ့် ဇာတ်လမ်းပုံစံ “ဆရာ့ ဆရာကြီး” ရုပ်ရှင်ဇာတ် ကားကြီး Red Carpet Show အခမ်းအနားကို ယနေ့ မေလ ၆ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ ကိုယ့်ညီအစ်ကိုဖြစ်တဲ့ ထူးအောင်နဲ့အတူတွဲရိုက်ခွင့်ရတဲ့ ဇာတ်ကားလို့ ပြောလို့ရပါတယ်။ ကိုယ်အရင်ထဲက တွဲရိုက်ချင်ခဲ့တဲ့ Dream ပေါ့နော်။ ဒီဇာတ်ကားက ရိုက်ကူးချိန်မှာ တော်တော်လေးကို ရိုက်ကွင်းပေါ်မှာ ပျော်စရာ ကောင်းသလို အမှတ်တရတွေလည်း ဖြစ်ရပါတယ်”လို့ သရုပ်ဆောင် တိုင်ရွန်ကပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း သက်ဦးမောင်၊ ဇာတ်ညွှန်း သက်ဦးမောင်နဲ့ လူညိုချော၊ ဒါရိုက်တာ အကယ်ဒမီ ကိုဇော် (အရုဏ်ဦး)က ပရိသတ်ဘဝ အမောတွေပြေစေဖို့ ပြုံးပျော်စရာ ဝါးလုံးကွဲရယ်ရမယ့်ပုံစံဖန်တီးထားတယ်လို့ သိရပါတယ်။
” ဒီဇာတ်ကားမှာ မကြီးနဲ့ ကိုခင်လှိုင်ရဲ့ထူးခြားတဲ့ တွယ်ဖက်မှုဆိုရင်တော့ ကိုခင်လှိုင်က မကြီးသားပေါ့နော်။ မကြီးအနေနဲ့ မိတ်ကပ်တွေကလည်း အရင်ကားတွေနဲ့ မတူဘဲ တမူထူးခြားတယ်လို့ ပြောလို့ရပါတယ်။ ဆရာ့ ဆရာကြီးဆိုတဲ့အတိုင်း ကိုယ့်ထက် ဆရာကျနေတဲ့ သူတွေ ရှိနေတယ်ဆိုတဲ့ အကြောင်းအရာလေးတွေ ပါ ပါတယ်”လို့ အကယ်ဒမီ စိုးမြတ်သူဇာက ပြောပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ တိုင်ရွန်၊ ထူးအောင်၊ အကယ်ဒမီကျော်ရဲအောင်၊ အကယ်ဒမီရဲအောင်၊ ခင်လှိုင်၊ အကယ်ဒမီစိုးမြတ်သူဇာ၊ အကယ်ဒမီခြူးလေး၊ နော်ဖောအယ်ထား၊ အကယ်ဒမီမိုးဒီ၊ ရဲမွန်၊ စူပါလင်း၊ သွက်လက်၊ ဂျက်လီ၊ ဝိုင်းဝိုင်းလည်၊ ချစ်လူလူ၊ တိုးအောင် စတဲ့သူတွေ ပါဝင်ထားကြပါတယ်။
ဇာတ်ဝင်တေးသီချင်းကိုတော့ တေးရေး စိုးကြီးက ရေးသားပြီး တေးဆို ဒီယံနဲ့ ဖြိုးသီဟတို့က သီဆိုပေးထားကြပါတယ်။ “ဆရာ့ဆရာကြီး” ရုပ်ရှင်ဇာတ် ကားကြီးကို လာမယ့် မေလ ၉ ရက်နေ့က စတင်ပြီး တစ်ပြည်လုံး ရုံတင်ပြသမှာဖြစ်ပါတယ်။
