
၆.၅.၂၀၂၅
Written By Zun
မလေးရှားနိုင်ငံကို သွားမည့် မြန်မာနိုင်ငံမှလာသူ ၇၁ ဦးကို ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်၊ စံခလဘူရီမြို့နယ်၊ အမှတ် (၉)၊ နောင်လူကျေးရွာ၌ ယနေ့ မေလ ၆ ရက် နံနက်အစောပိုင်းက ဖမ်းဆီးလိုက်ကြောင်း သိရသည်။
ထိုင်းတပ်မတော် နှင့် ရဲတပ်ဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က နယ်စပ်ဒေသများသို့ လှည့်ကင်းလုပ်ဆောင်စဉ် အဆိုပါ မြန်မာနိုင်ငံသားများကို ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းမိ မြန်မာနိုင်ငံသား ၇၁ ဦး ကို စစ်ဆေးရာ ၎င်းတို့က မလေးရှားသို့ အလုပ်လုပ်ရန် သွားရောက်မည့် သူ များဖြစ်ပြီး ဘုရားသုံးဆူဘက်ကတစ်ဆင့် ကန်ချနဘူရီပြည်နယ်၊ စံခလဘူရီမြို့နယ် နောင်လူကျေးရွာဘက်သို့ ခိုးဝင်လာကြခြင်း ဖြစ်ကြောင်း ထွက်ဆိုသည်ဟု ဒေသတွင်းသတင်းများက သိရသည်။
ယင်းအပြင် ထိုင်းနိုင်ငံမှ မလေးရှားနိုင်ငံသို့ သွားရောက်နိုင်ရေး လူတစ်ဦးလျှင် ပွဲစားခ ဘတ် ၁၈၀၀၀ မှ ၃၅၀၀၀ အထိ ပေးဆောင်ခဲ့ရကြောင်းလည်း ထွက်ဆိုခဲ့ကြောင်း သိရသည်။
ယခုအခါ ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာမှုဖြင့် အမှုဖွင့်လှစ်ထားပြီး လက်ရှိတွင် စံခလဘူရီမြို့နယ်ရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ ဥပဒေအရ ဆက်လက်အရေးယူပြီးနောက် နှစ်နိုင်ငံ အစိုးရချင်း ပြန်လည် လွှဲပြောင်းမည် ဖြစ်ကြောင်းလည်း သိရသည်။
