၆. ၅. ၂၀၂၅
Written by Nyein Kyaw
မန္တလေးတိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းအနေဖြင့် ဧပြီလ ၆ ရက်မှ မေလ ၅ ရက်အထိ မန္တလေးမြို့ရှိ ငလျင်ဒဏ်သင့် နေအိမ်အဆောက်အဦ ၃၀၀ ကျော်ကို စစ်ဆေးအကြံပြုပေးခဲ့ပြီးဖြစ်သည့်အပြင် EMI အဖွဲ့မှ ပညာရှင်များနှင့်ပါ ပူးပေါင်းစစ်ဆေးပေးလျက်ရှိကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း (MCEF) မှ ထုတ်ပြန်ထားသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် EMI (Engineering Ministries International) တို့ ပူးပေါင်း၍ မေလ ၁ ရက်မှစကာ မန္တလေးမြို့တွင် လူနေအိမ် ၂ လုံး၊ ရွှေဆိုင် ၂ ဆိုင်၊ ဘုရားကျောင်း ၂ ကျောင်း၊ မန္တလေးတိုင်းရင်းဆေးတက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့ကို စစ်ဆေးခဲ့ပြီးဖြစ်သည်။ အဆိုပါ ပူးပေါင်းအဖွဲ့အနေဖြင့် မေလ ၉ ရက်နေ့အထိ ဆက်လက်စစ်ဆေး အကြံပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့ရှိ မိမိတို့နေအိမ်များကို ကြံ့ခိုင်မှုစစ်ဆေးရန် အကြံပြုအကူအညီလိုအပ်သော အိမ်ပိုင်ရှင်များမှ အကူအညီတောင်းခံလာသော အဆောက်အဦများကိုလည်း ဆက်လက်စစ်ဆေး အကြံပြုပေးလျက်ရှိပြီး အကူအညီတောင်းခံလိုသူများအနေဖြင့် ဖုန်းနံပါတ် – ၀၉-၂၀၄၄၁၄၂ နှင့် ၀၉-၂၀၂၇၃၃၁ သို့ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။


