၆.၅.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ဗန်းကျေးရွာ၊ ရွှေနှင်းဆီလမ်းတွင် ယနေ့ မေလ ၆ ရက် နံနက်အစောပိုင်းက ထင်းမီးဖြင့် ပဲပြုတ်အိုးတည်ရာ ကျန်ရှိသော မီးကြွင်းမီးကျန်မှတစ်ဆင့် ဝါးထရံသို့ မီးကူးစက်ရာက နေအိမ်ခြောက်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
မိနစ် ၃၀ ကြာမြင့်သော မီးလောင်မှုကြောင့် အလျား ပေ ၂၀၊ အနံပေ ၆၀ ရှိ သွပ်မိုး၊ ထရံကာ ပျဥ်ခင်းတစ်ထပ်နေအိမ် နှစ်လုံး၊ အလျား ၁၀ ပေ၊ အနံ ပေ ၆၀ ရှိ သွပ်မိုး၊ ထရံကာ ပျဥ်ခင်း နှစ်ထပ်နေအိမ်၏ ဘေးအကာ၊ အလျား ၁၀ ပေ၊ အနံ ပေ ၆၀ ရှိ သွပ်မိုး၊ ထရံကာ ပျဥ်ခင်းတစ်ထပ်နေအိမ်သုံးလုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
“အိမ်တွေကလည်း မီးလောင်လွယ်တဲ့အိမ်တွေဖြစ်နေတာရော အိမ်ခြေစိပ်နေတော့ ခဏအတွင်းကို ပါကုန်တာ”ဟု မီးငြှိမ်းသတ်ရာတွင် ပါဝင်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ခုနစ်စီး၊ ရေသယ်ယာဥ် ခြောက်စီး၊ ကွပ်ကဲမှုယာဥ်တစ်စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ခန့်ဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၁၄ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
နေအိမ်ခြောက်လုံးမီးလောင်မှုကြောင့် ဦးနွဲ့လင်းကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။


