၆. ၅. ၂၀၂၅
Written by Nyein Kyaw
ယနေ့တွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းကို မိုင်းထောင်ဖျက်ဆီးခဲ့၍ ရထားခရီးစဉ်များ ယာယီရပ်နားခဲ့ရပြီး ဝယ်ယူထားသည့် လက်မှတ်ခများ ပြန်အမ်းပေးခဲ့ကြောင်း မော်လမြိုင်ဘူတာကြီးမှ အသိပေးကြေညာထားသည်။
မေလ ၆ ရက်(ယနေ့)တွင် ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း နှင်းပုလဲဘူတာနှင့် တောင်စွန်းဘူတာကြား မိုင်တိုင် ၁၁၂/ ၁၀- ၁၁ ကြား တံတားအမှတ် ၆၅ ပေ ၈၀ တံတားအား အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ မိုင်းထောင်ဖျက်ဆီးသွား၍ ရထားလမ်းတံတား ပျက်ဆီးမှုဖြစ်ပွားခဲ့သည်။
ထို့ကြောင့် ယနေ့ မော်မြိုင်ဘူတာကြီးမှထွက်ခွာမည့် အမှတ် ၈၂ အစုန် မော်လမြိုင်-ရန်ကုန်ရထားနှင့် ရန်ကုန်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် ၈၁ အဆန် ရန်ကုန်-မော်လမြိုင် ရထားခရီးစဥ် နှစ်ခုအား ယာယီဖျက်သိမ်းထားပြီး ဝယ်ယူထားပြီးသော ရထားလက်မှတ်ခများအား မော်လမြိုင်ဘူတာကြီး နေ့ချင်း လက်မှတ်ရုံ၌ မနက် ၇ နာရီမှ ၁၀ နာရီအထိ ပြန်အမ်းပေးခဲ့ကြောင်း အသိပေးကြေညာထားသည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှု (၈၀)ကြိမ်၊ ရထားတံတား/သံလမ်းများအားမိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှု (၁၇၄)ကြိမ်နှင့် ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၆)ကြိမ် ကျူးလွန်ခဲ့ကြသည်ဟု SAC အစိုးရ၏ သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။





