၆.၅.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်သာနီပြည်နယ်အတွင်း ပန်းခြံတစ်ခုမှာ ရုရှားကမ္ဘာလှည့်ခရီးသွားခုနစ်ဦးဟာ မေလ ၄ ရက်က အလေ့ကျပေါက်တဲ့အပင်တစ်ပင်က သစ်သီးတစ်မျိုးကို စားသုံးမိခဲ့ကြရာက အော့အန်နေထိုင်မကောင်းဖြစ်ကြပြီး သူတို့ထဲက ငါးဦးကိုတော့ ဆေးရုံတွေကို အမြန်တင်ပို့ခဲ့ရတယ်လို့ သိရပါတယ်။
ပြည်နယ်အတွင်း ဖာနွမ်ခရိုင်မှာရှိတဲ့ ခေါနာနိုင်းလွန်ဒါမာ ပန်းခြံမှာ ရုရှားကမ္ဘာလှည့်ခရီးသွားခုနစ်ဦးဟာ နေထိုင်မကောင်းဖြစ်နေကြတယ်လို့ မေလ ၄ ရက် မွန်းလွဲ ၁ နာရီ ၃၃ မိနစ်မှာ ဘန်တာခွန်ဖာနွမ် ကယ်ဆယ်ရေးဖောင်ဒေးရှင်းက သတင်းပို့ချက် လက်ခံရခဲ့ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ရောက်ရှိချိန်မှာ ရုရှားကမ္ဘာလှည့်ခရီးသွားတွေက သတိတစ်ဝက်တစ်ပျက်တော့ရကြပါသေးတယ်။ သူတို့တွေက ရင်ဘတ်အောင့်နာပြီး အော့အန်နေကြပါတယ်။ သူတို့ထဲက ငါးဦးက ဆေးရုံမှာကုသခံဖို့ သဘောတူခဲ့ကြတယ်ဆိုပါတယ်။
ကယ်ဆယ်ရေးသမားတွေက လေးဦးကို ဖာနွမ်ဆေးရုံကိုတင်ပို့ပေးခဲ့ကြပါတယ်။ နှစ်ဦးဟာဆိုရင် သွားရည်တွေအလွန် အမင်းထွက်နေကြပြီး နောက်နှစ်ဦးကတော့ ရေဓာတ်အလွန်ခန်းခြောက်နေကြပါတယ်။ နောက်တစ်ဦးကလည်း ရင်ဘတ်နာလာပြီး အလွန်အမင်းအော့အန်လာတာမှာ ဘန်တာခွန်ခရိုင်ဆေးရုံကို တင်ပို့ခဲ့ကြရပါတယ်။ ရေဓာတ်ခမ်းခြောက်နေကြတဲ့ ကမ္ဘာလှည့်ခရီးသွားနှစ်ဦးဆိုရင် ဖာနွမ်ဆေးရုံမှာ အနီးကပ်စောင့်ကြည့်ခံနေကြရတယ်လို့ သိရပါတယ်။
ရုရှားခရီးသွားတွေဟာ ဖန်ဂါပြည်နယ်၊ ခေါင်လတ်မြိုကကနေ စင်းလုံးငှားကားတစ်စင်းနဲ့ ရောက်ရှိလာခဲ့ကြတာလို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။
သူတို့ရဲ့ခရီးစဉ်အတွင်း ခေါနာနိုင်းလွန်ဒါမာ ပန်းခြံကို သွားရောက်လည်ပတ်တုံးမှာ သူတို့ဟာ အလေ့ကျပေါက်တဲ့အပင်မှ အသီးတစ်မျိုးကို စားသုံးမိရာကခုလို အစာအဆိပ်သင့်သလိုဖြစ်ကာ နေထိုင်မကောင်းဖြစ်ကြတာပါ။ ဒေသခံကျန်းမာရေးအရာရှိတွေက သူတို့ရဲ့ ခန္ဓာကိုယ်တွေအတွင်း အဆိပ်သင့်မှု တွေကို စစ်ဆေးလျက်ရှိပါတယ်။
Ref -Bangkok Post


