◾️ ယင်းကာလအတွင်း အများပြည်သူသုံး ဆက်သွယ်ရေးလမ်းကြောင်း၊ တပ်စခန်း၊ တပ်ဌာနချုပ်များကို တိုက်ခိုက်ခြင်းများ ဆောင်ရွက်လာသည့် လက်နက်ကိုင်အဖွဲ့များအား တုံ့ပြန်သွားမည်ဟု အသိပေး
၆. ၅. ၂၀၂၅
Written by Nyein Kyaw
ငလျင်ဒဏ်သင့်ဒေသများ အရှိန်အဟုန်ဖြင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်ရန် တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ်၊ မေလ ၆ ရက်မှ ၃၁ ရက် အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထပ်မံတိုးမြှင့်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
မတ်လ ၂၈ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂ ရက် မှ ၃၀ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
လက်ရှိကာလတွင်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ထိခိုက်ပျက်စီးခဲ့ရသည့် အစိုးရရုံးဌာနများ၊ ပြည်သူများ၏ အိုးအိမ်နှင့် လမ်းပန်းဆက်သွယ်မှုလုပ်ငန်းများ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာမှလည်း ကူညီမှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။
သို့ဖြစ်ပါ၍ နိုင်ငံတော်အနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆက်လက်ဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အကျိုးစီးပွားကို ပိုမိုလျင်မြန်စွာဖော်ဆောင်နိုင်ရန်၊ ရေရှည်တည်တံ့ပြီး စစ်မှန်သည့်ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေရန်နှင့်တည်ငြိမ်အေးချမ်းမှုကို ရှေးရှုလျက်တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ်၊ မေ ၆ ရက်မှ ၃၁ ရက် အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထပ်မံတိုးမြှင့် ထုတ်ပြန်လိုက်သည်။
ယာယီပစ်ခတ်တိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားသည့်ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အများပြည်သူ သွားလာ၊ အသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့်ယှက်တိုက်ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကိုနှောင့်ယှက် တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေးကိုထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေ ချဲ့ထွင်ခြင်းများကိုမပြုရန်နှင့် ထိုကဲ့သို့ဆောင်ရွက်လာပါက တပ်မတော်အနေဖြင့် ပြည်သူ လူထုကိုကာကွယ်သောအားဖြင့် လိုအပ်သည့်အရေးယူ တုံ့ပြန်မှုများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
