၆. ၅. ၂၀၂၅
Written by Tha Doe
မြန်မာအစိုးရအဖွဲ့ခေါင်းဆောင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်သမ္မတအပါအဝင် အခြားကမ္ဘာ့ခေါင်းဆောင်များနှင့်အတူ မော်စကိုမြို့၌ ကျင်းပမည့် အောင်ပွဲနေ့စစ်ရေးပြအခမ်းအနားများသို့ တက်ရောက်မည်ဖြစ်ပြီး ရုရှားစစ်သားများနှင့်အတူ မြန်မာ့တပ်မတော်ကလည်း ရင်ပြင်နီတွင် စစ်ရေးပြချီတက်မည်ဖြစ်သည်ဟု ရုရှားသတင်းဌာနများတွင် ဖော်ပြထားသည်။
မော်စကိုမြို့၌ မေလ ၉ ရက်တွင် ကျင်းပမည်ဖြစ်သော နာဇီဂျာမနီအပေါ် အောင်နိုင်မှုအခမ်းအနားသို့ တက်ရောက်မည့် နိုင်ငံ့ခေါင်းဆောင်များမှာ လတ်တလောကာလအထိ မြန်မာအစိုးရအဖွဲ့ခေါင်းဆောင်၊ တရုတ်သမ္မတတို့အပြင် အဘ်ခါဇီးယား၊ အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ ဘီလာရုစ်၊ ဘရာဇီး၊ ဘူကီနာဖာဆို၊ ဗင်နီဇွဲလား၊ ဗီယက်နမ်၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ မွန်ဂိုးလီးယား၊ ကျူးဘား၊ ပါလက်စတိုင်း၊ ဆက်ခ်ပစ်စကာ၊ ဆာဗီးယား၊ စလိုဗက်ကီးယား၊ တာခ်ဂျစ်စတန်၊ တာ့ခ်မင်နစ္စတန်၊ ဥဇဘက်ကစ္စတန် စသည့် နိုင်ငံနှင့် ဒေသ ၂၁ ခုမှ ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက်မည်ဟုလည်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန်အတွက် မကြာမီရက်ပိုင်းအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်းလည်း SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။
ခရီးစဉ်အတွင်း SAC ဥက္ကဋ္ဌသည် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများကို တက်ရောက်ခြင်း၊ အခမ်းအနားကို တက်ရောက်လာကြသည့် နိုင်ငံခေါင်းခေါင်များနှင့် သီးခြားတွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။
အလားတူ SAC ဥက္ကဋ္ဌ၏ ဇနီး ဒေါ်ကြူကြူလှသည် ရုရှားဖက်ဒရေးရှင်းကောင်စီ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌ H.E. Ms. Valentina Matviyenko ၏ ဖိတ်ကြားချက်အရ SAC ဥက္ကဋ္ဌနှင့်အတူ တစ်ပါတည်းသွားရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးမှု ဆောင်ရွက်သွားမည်ဖြစ်သည်။
Ref, RT
