◾ ဇယ်လန်စကီး၏ ပြောကြားမှုက မော်စကိုမြို့၊ အောင်ပွဲခံနေ့ အခမ်းအနားကိုတက်ရောက်လာမည့် နိုင်ငံတကာခေါင်းဆောင်မျာကိုခြိမ်းခြောက်မှုလော

၅.၅.၂၀၂၅
Translated by Htwe Ko Tun
ရုရှားသမ္မတဗလာဒီမာပူတင်က မော်စကိုမြို့မှာကျင်းပမယ့်‘မျိုးချစ်အောင်ပွဲခံနေ့ ချီတက်ပွဲအခမ်းအနား’ ကာလမှာ မေလ ၇ ရက် ညသန်းခေါင်ကနေ မေလ ၁၀ ရက် ညသန်းခေါင်အထိ သုံးရက်ကြာ အပစ်အခတ်ရပ်စဲရေးအဆိုပြုခဲ့တာကို ယူကရိန်းသမ္မတ ဇယ်လန်စကီး က ဒါဟာ ရုရှားနိုင်ငံရဲ့ နိုင်ငံတကာအလယ်မှာအထီးကျန်ဆန်မှုကိုဖြေလျော့စေဖို့နဲ့ မော်စကိုမြို့၊ အောင်ပွဲခံနေ့ အခမ်းအနားအတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်အခြေအနေကို ဖန်တီးတာ သက်သက်ပဲလို့ ပြောကြားပြီး ပယ်ချခဲ့တယ်လို့ ယူကရိန်းနိုင်ငံရဲ့ Interfax Ukraine သတင်းဌာနက မေလ ၃ ရက်မှာ ပြောခဲ့ပါတယ်။
တံခါးပိတ်အစည်းအဝေးတစ်ခုမှာ သတင်းစာ ဆရာတွေကို ပြောခဲ့ရာမှာ ဇယ်လန်စကီးက ပူတင်ရဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်က စစ်ပွဲပြီးဆုံးဖို့ လေးနက်တဲ့ကြိုးပမ်းမှုတစ်ရပ်မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ သူက ယူကရိန်းအနေနဲ့ အမေရိကန်က အဆိုပြုထားတဲ့ ရက် ၃၀ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးကို ထောက်ခံတယ်လို့လည်း ဆိုခဲ့ပါတယ်။
ဇယ်လန်စကီးရဲ့ ဒီလိုပြောကြားမှုက မော်စကိုမြို့၊အောင်ပွဲခံနေ့ အခမ်းအနားကိုတက်ရောက်လာမယ့် နိုင်ငံတကာခေါင်းဆောင်တွေကို ခြိမ်းခြောက်တာလို့ Sputnik News ကဆိုခဲ့ပါတယ်။
ဇယ်လန်စကီး က ရက်ကာလတို အပစ်အခတ်ရပ်စဲရေးတွေကို ရုရှားဘက်က အပြည့်အဝမလိုက်နာခဲ့တာက အခုနောက်ဆုံးအဆိုပြုချက်ကိုလည်း ယုံကြည်မှု လျော့ပါးစေခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ပြင်သူက “အမေရိကန်တို့ရဲ့ ရက် ၃၀ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကငြိမ်းချမ်းရေးအတွက် စံနမူနာတစ်ခုပါ။ ဒီအဆိုပြုချက်ကို ကျွန်တော်တို့ ထောက်ခံပါတယ်။ ရက် ၃၀ အပစ်အခတ်ရပ်စဲရေးက ဘာလို့မဖြစ်နိုင်ရမှာလဲ။ သုံးရက်၊ ငါးရက်၊ ခုနစ်ရက် အပစ်အခတ်ရပ်စဲမှုတွေလောက်နဲ့ အောင်မြင်မှုမှမရတာ၊ရက် ၃၀ အထိ စမ်းကြည့်တာပေါ့” လို့ ပြောခဲ့ပါတယ်။
ရုရှားသမ္မတ ပူတင်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲမှုလို့ဆိုပြီး မေလ ၇ ရက် ညသန်းခေါင်ကနေ မေလ ၁၀ ရက် ညသန်းခေါင်အထိ အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့တာပါ။ အမေရိကန်တို့ရဲ့ ရက် ၃၀ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ယူကရိန်းက ထောက်ခံပေမယ့် ရုရှားက လက်မခံဘဲ အမေရိကန်အနေနဲ့ ယူကရိန်းကို စစ်လက်နက်ပစ္စည်းထောက်ပံ့မှု လုံးဝရပ်ဆိုင်းဖို့တောင်းဆိုထားတာပါ။
Ref- Kyiv Independent, Sputnik News
