
၅.၅. ၂၀၂၅
Translated by Thettant
ပြီးခဲ့တဲ့ စနေနေ့က ပြုလုပ်ခဲ့တဲ့ သီးခြားစစ်ဆင်ရေးနှစ်ခုအတွင်းမှာ ဆာရှာစထရာ ဆီမာဘယ်လ်ရဲ့ နယ်စပ်ထောက်လှမ်းရေးအဖွဲ့၊ BOP Panitanki ဟာ ဆီလီဂူရီမြို့၊ ခါရီဘာရီဒေသမှာ အိန္ဒိယနိုင်ငံသားဖြစ်ကြောင်း အထောက်အထားအတုတွေ ကိုင်ဆောင်ထားတဲ့ မြန်မာကျောင်းသား ၆ ဦးကို ဖမ်းဆီးခဲ့ပါတယ်။
ဆာရှာစထရာ ဆီမာ ဘယ်လ် အရာရှိတွေရဲ့ ပြောကြားချက်အရ မူလအစီရင်ခံစာတွေမှာ ဖမ်းမိမြန်မာနိုင်ငံသားတွေဟာ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း မီဇိုရမ်ပြည်နယ်ကနေတစ်ဆင့် တရားဝင်နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) သို့မဟုတ် ဗီဇာမရှိဘဲ အိန္ဒိယနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သူတို့ ခြောက်ဦးစလုံးဟာ အိန္ဒိယနိုင်ငံသားဖြစ်ကြောင်း အထောက်အထားအတုတွေ၊ အထူးသဖြင့် မြို့တော် ဒေလီမှာထုတ်ပေးထားတဲ့ နိုင်ငံသားဖြစ်ကြောင်းနဲ့ နေထိုင်ကြောင်း အတည်ပြုဖို့အတွက် Aadhaar Cards တွေ၊ မဲဆန္ဒရှင်ကတ်တွေနဲ့ တစ်ဦးဆီမှာတော့ ငွေကြေးနဲ့ အခွန်ဆိုင်ရာမှာ အသုံးပြုတဲ့ PAN(Permanent Account Number) ကတ်တစ်ခုပါ တွေ့ရှိခဲ့ပါတယ်။
ဆာရှာစထရာ ဆီမာ ဘယ်လ် အရာရှိတစ်ဦးက ပြောကြားရာမှာ “ဒီလူတွေဟာ နာဂလန်းပြည်နယ်၊ ဝေါခါခရိုင်၊ ဗန်ခေါင်ဆင်းမြို့မှာရှိတဲ့ ဝစ်တာ သီအိုလိုဂျီကောလိပ်မှာ ဘာသာရေးဘွဲ့သင်တန်းကို တက်ရောက်နေပြီး ၂၀၂၃ ခုနှစ်ကတည်းက အဲဒီမှာ နေထိုင်ခဲ့ကြပါတယ်။ သူတို့ဟာ အိန္ဒိယနဲ့ နီပေါကျောင်းသားတွေနဲ့အတူ အားလပ်ရက်မှာ ဆီလီဂူရီကို သွားရောက်ခဲ့ကြပြီး အဖွဲ့ သုံးဖွဲ့ခွဲပြီး ခရီးသွားခဲ့ကြတာပါ။ ပထမအဖွဲ့မှာ မြန်မာနိုင်ငံသားလို့ သံသယရှိသူ ၃ ဦးအပါအဝင် ကျောင်းသား ၉ ဦးပါဝင်ပြီး နီပေါနိုင်ငံ၊ ဘီရ်တာမိုးမြို့က Happy Land Adventure Park ကိုသွားဖို့ နီပေါနိုင်ငံထဲကို ဖြတ်ကျော်ဖို့ ကြိုးစားနေတုန်း ဖမ်းဆီးခံခဲ့ရပါတယ်။ နာရီအနည်းငယ်အတွင်းမှာပဲ Border Intelligence Team အဖွဲ့ဟာ ကောလိပ်နဲ့ ဆက်နွယ်နေတဲ့ ကျန်တဲ့ သံသယရှိသူ ၃ ဦးကို အခြားအဖွဲ့ ၂ ဖွဲ့ကနေ အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့ပါတယ်” လို့ အရာရှိက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ မြန်မာနိုင်ငံသား ချင်းလူမျိုးတွေဖြစ်တဲ့ မာဂျီ မြို ထွယ်လီ (၂၆ နှစ်)၊ လန်ငိုက်နန် (၂၈ နှစ်)၊ နော်သောင် (၂၇ နှစ်)၊ ဖရန်စစ် တောခ်လျန်ဆန် (၂၀ နှစ်)၊ ဗန်ဇာလျန် (၂၀ နှစ်) နဲ့ ရိုလန် နောလ်တင်လျန် (၂၃ နှစ်) တို့ဖြစ်ကြောင်း သိရပါတယ်။ ခါရီဘာရီရဲတပ်ဖွဲ့က သူတို့ ၆ ဦးကို တရားရုံးတင်ခဲ့ပြီး၊ ကနဦးမှာ တရားရုံးက ရက်ပေါင်း ၁၄ ရက်ကြာ တရားဝင်ချုပ်နှောင်ထားဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။
