



၅.၅.၂၀၂၅
Written by Nay Moe
အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို သတင်းပေးပျူစောထီးခေါင်းစဥ်တပ်ကာ အရှင်ဖမ်းဆီးလာပြီးမှ ထွက်ပြေးသည် ခေါင်းစဥ်တပ်ကာ သာယာဝတီ PDF က အသေပစ်သတ်လိုက်သည့်အပြင် ကားတစ်စီး၊ ဖုန်းနှင့် ဝတ်ဆင်ထားသည့် ရွှေများကိုပါ လုယက်သိမ်းယူခဲ့သည်ဟု ကျူးလွန်သည့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ယနေ့တွင် ဝန်ခံချက် ထုတ်ပြန်သည်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရွေးကုန်းအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာနေ ဦးမြဇော်ဦးနှင့် ဒေါ်ယူပီအား စစ်တပ် သတင်းပေး ပျူစောထီးဟု စွပ်စွဲကာ မေလ ၄ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် စိန်ကန့်လန့်− မြို့ချောင်း ရိုးမဖြတ်ကျော်လမ်းဘေးရှိ ပျဥ်းကတိုးခင်းရွာအနီး၌ ဖောကားဖြင့်လာချိန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က အရှင်ဖမ်းဆီးခဲ့သည်။
ထိုသို့ ဖမ်းဆီးရမိ၍ စစ်ဆေးနေစဥ် စစ်ကြောင်း တက်လာသည့် သတင်းအရ PDF များ ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်နေစဥ် ဦးမြဇော်ဦးနှင့် ဒေါ်ယူပီတို့ ထွက်ပြေးသွားကြသောကြောင့် PDF များက
လိုက်လံပစ်ခတ် ဖမ်းဆီးရာ ကျည်ထိမှန် သေဆုံးသွားပြီး ၎င်းတို့ထံမှ ဖောကား တစ်စီး၊ မိုလ်ဘိုင်းဖုန်း တစ်လုံး၊ လက်စွပ် တစ်ကွင်းနှင့် နားကပ် တစ်ရံအား လုယက် သိမ်းဆည်းရရှိခဲ့သည်ဟုလည်း ကျူးလွန်သည့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က လုယက်မှုကိုပါ ဝန်ခံထားသည်။
ဦးမြဇော်ဦးနှင့် ဒေါ်ယူပီ သည် မမှန်သတင်းပေးကာ ပြည်သူများအား ဖမ်းဆီးခိုင်းခြင်း၊ စစ်ရှောင်ပြည်သူများ စိုက်ပျိုးထားသည့် သီးနှံများအပြင် နေအိမ်များအား မတရား ဖျက်ဆီးရယူခြင်း၊ ရိက္ခာထောက်ပံ့ပေးခြင်း၊ စစ်ကြောင်းများ ရိုးမပေါ် သွားလာရေးအတွတ် ဖောကားဖြင့် အကြိုအပို့ လုပ်ဆောင်ပေးခြင်း၊ PDF များ၏ အချက်အလက်များနှင့် စခန်းတည်နေရာများအား သတင်းပေးပို့ခြင်းများ ပြုလုပ်နေသောကြောင့် ထိုသို့မလုပ်ဆောင်ရန် ဖုန်းဆက်သတိပေးခြင်းများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း လိုက်နာခြင်း မရှိခဲ့ကြသူများ ဖြစ်ကြသဖြင့် သတ်ဖြတ်သည်ဟု ကျူးလွန်သည့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ဆင်ခြေပေးသော်လည်း သက်သေမပြနိုင်ကြသလို MT News ကလည်း မြေပြင်အတည်မပြုနိုင်ချေ။
ပဲခူးတိုင်းဒေသကြီးသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ် အကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ကျော်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “သတင်းပေး၊ ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှု ခံထားရသည်။
