
၅ .၅. ၂၀၂၅
Written by Hey Mar
ဆေးခန်းပြပြီး တစ်ဦးတည်း ဆိုင်ကယ်စီးနင်းကာ ပြန်လာစဉ် လမ်းဘေးရပ်ထားတဲ့ တွဲကားကို ဝင်တိုက်မိရာက အမျိုးသားလူငယ်တစ်ဦး နေရာတင်သေဆုံးခဲ့တဲ့ဖြစ်စဉ် မွန်ပြည်နယ် ရန်ကုန်- မော်လမြိုင် ကားလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ရန်ကုန်- မော်လမြိုင်ကားလမ်းပေါ် တံတားဦးကျေးရွာအုပ်စု၊ ငုတ္တိုကုန်းထိပ်မှာ မနေ့က ဧပြီလ ၄ ရက်နေ့၊ ည( ၉) နာရီအချိန်ခန့်မှာ ဖြစ်ပွားခဲ့ပြီး ဒုံဝန်းကျေးရွာအုပ်စု၊ ဒုံဝန်း(၆)ရပ်ကွက်နေ မောင်ကျော်ဆန်းဦး-အသက်(၂၆ )နှစ် မောင်းနှင်လာတဲ့ ဆိုင်ကယ်က လမ်းပေါ်ညာဘက် ဘီးတင်ကာ လမ်းဘေးချရပ်ထားတဲ့ တွဲကားရဲ့ ညာဘက်အခြမ်းကို ဝင်တိုးမိတာလို့ သိရပါတယ်။

မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ မိုးကောင်း Recuse မှ တာဝန်ရှိသူက ” တွဲကားက အချက်ပြမီး စုံဖွင့်ပြီး ရပ်ထားတာပဲ။ တိုက်တဲ့လူငယ်က ကျန်းမာရေးကြောင့်ပဲလား၊ သောက်စားလာသလားတော့မသိဘူး။ ဆေးခန်းစာအုပ်က ရက်စွဲနဲ့ ဆေးတွေကြောင့် ဆေးခန်းပြပြီး ပြန်လာတယ်တော့ ယူဆရပါတယ် ” လို့ MT News ကို ပြောပါတယ်။
နောက်ကနေဝင်တိုက်မိတဲ့အရှိန်ကြောင့် ဆိုင်ကယ်စီးနင်းသူမှာ လည်းပင်းရိုးကျိုး၊ နဖူး ချိုင့်ဝင်နဲ့ ချိုစောင်းပေါက်တဲ့ ဒဏ်ရာတွေ ရရှိကာ နေရာတင် သေဆုံးခဲ့လို့ အခင်းဖြစ်နေရာကနေ မိုးကောင်း Recuse အသင်းပိုင်လူနာတင်ယာဉ်နဲ့ သိမ်ဆိပ်ဆေးရုံ(ရင်ခွဲရုံ)ဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
