
MT News
၄. ၅. ၂၀၂၅
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၈ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သိန်း ဖမ်းဆီးရမိခဲ့သည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ယနေ့ထုတ်ပြန်မှုအရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၂၉ ရက်နေ့ ည ၈ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် အောင်ပန်းမှ ရန်ကုန်သို့ တင့်ဇော်လင်း(ခ)တင့်ဇော် မောင်းနှင်ပြီး မဇာနည်လင်း လိုက်ပါလာသည့် Mitsubishi Fuso ခြောက်ဘီးမော်တော်ယာဥ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၈ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သိန်း ဖမ်းဆီးရမိခဲ့သည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ တင်ဆောင်ပေးသူ ရဲသွေးအောင်(ခ)ဖိုးလပြည့် အား အောင်ပန်းမြို့၊ ဗိုလ်ချုပ်ကွင်းရှိ ကုန်စည်ပို့ဆောင်ရေးဂိတ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်းနှင့် စစ်ဆေးဖော်ထုတ်ချက်များအရ အဆိုပါ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
