




၄.၅.၂၀၂၅
Written by Hey Mar
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်ရှိ၊ ဆည်တော်လေး ဆည်အတွင်း တောင်ကျချောင်းရေ ဝင်ရောက်နေမှုကြောင့် ဆည်ရေလွှတ်ချတဲ့အတွက် အုန်းချောချောင်းရေလျှံကျမှုကြောင့် ချောင်းဘေးနေထိုင်တဲ့ အိမ်တွေ ရေမြုပ်ကာ လွတ်ရာရှောင်နေရပြီဖြစ်တယ်လို့ မြရည်နန္ဒာလူမှုကူညီရေးအသင်းတာဝန်ရှိသူက ဆိုပါတယ်။
အဆိုပါအသင်းတာဝန်ရှိသူက အခုလို ဖြစ်စဉ်မျိုးတောင်ပေါ်မှာ မိုးများတဲ့အခါ ဖြစ်ပွားလေ့ရှိပြီး ဒီနောက်ပိုင်းမှာတော့ အရင်ကထက် ရေပိုများလာတာ ချောင်းရေလယ်ဗယ် ပိုမိုမြင့်လာတာမျိုးဖြစ်လာတယ်လို့လည်းဆိုပါတယ်။
မြရည်နန္ဒာလူမှုကူညီရေးအသင်း တာဝန်ရှိသူ ကိုအောင်ဦးက “၂၁ မိုင်က တောင်ကျရေတွေ ဆင်းတာမို့ ဆည်ရေလွှတ်ရတယ်ထင်ပါရဲ့။ ဖြစ်ရိုးဖြစ်စဉ်လိုတော့ဒေသခံတွေအတွက်က ဖြစ်နေပြီ။ ကယ်ဆယ်ရေးစခန်းဖွင့်ရတာမျိုးတော့ မကြုံဖူးပါဘူး။ ရပ်ကွက်အမြင့်ပိုင်းက ဓမ္မာရုံတွေ၊ ကျောင်းတွေဆီ မိုးဆက်တိုက်ရွာပြီး ရေပြန်မကျဘဲ တန့်နေတာမျိုးဆို ခိုရတာတော့ရှိပါတယ်။ အဲ့ဘက်က အခြေခံလူတန်းစားလည်းများတယ်” လို့ သူတို့နှစ်စဉ်နီးပါး ကြုံတွေ့နေရတဲ့ အခြေအနေတချို့ကို ပြောပြပါတယ်။
လက်ရှိမှာတော့ အဆိုပါ အုန်းချောရွာ ချောင်းဘေးတစ်ဝိုက်ကနေအိမ်တွေ ကိုယ်ထူကိုယ်ထပြောင်းရွှေ့နေကြပြီး ကူညီကယ်ဆယ်ရေးတွေ အသင့်အနေအထား ဆောင်ရွက်နေပေမယ့် ကူညီကယ်ဆယ်ရေးဝင်ရောက် လုပ်ကိုင်ပေးရတဲ့အခြေအနေမှာတော့ မရှိသေးဘဲ အခြေအနေတည်ငြိမ်မှုရှိတယ်လို့လည်း သိရပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်မှာလည်း မနက်ဖြန်မွန်းတည့်ချိန်အထိ ခန့်မှန်းချက်အရ တနင်္သာရီတိုင်းဒေသကြီးမှာ နေရာအနှံ့အပြား၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်တယ်လို့ ကြေညာထားပါတယ်။
