




၄.၅.၂၀၂၅
Written by Hey Mar
အိန္ဒိယနိုင်ငံသား အမျိုးသားတစ်ဦး ရန်ကုန်မြို့၊ ပန်းဆိုးတန်းနန်းသီတာဆိပ်ကမ်းက စားသောက်ဆိုင်မှာ ညစာစားပြီး မြစ်ကမ်းရှိ ဆိပ်ခံဘောတံတားပေါ်မှာ လေညှင်းခံလမ်းလျှောက်နေရင်း မြစ်ထဲပြုတ်ကျခဲ့တဲ့ ဖြစ်စဉ် မနေ့က မေလ ၃ ရက်နေ့ ည ၇ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တာကြောင့် ဒီနေ့ မေလ ၄ ရက်နေ့မှာလည်း ရေငုပ်သမားငှားရမ်းကာ ဆက်လက်ရှာဖွေနေတယ်လို့ မြေပြင်အကူအညီပေးနေတဲ့ လင်းလက် လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
အဆိုပါ ရေထဲပြုတ်ကျသူ အိန္ဒိယနိုင်ငံသားက ကျောက်တံတားမြို့နယ်ရှိ City Star ဟိုတယ်မှာ တည်းခို နေထိုင်နေတဲ့ အိန္ဒိယလူမျိုးလို့လည်း သိရပါတယ်။ မိတ်ဆွေဖြစ်သူ အခြား အမျိုးသားနှစ်ဦးနဲ့အတူ ပန်းဆိုးတန်း နန်းသီတာဆိပ်ကမ်းက ဘဲလေးစားတော်ဆက်မှာ ညစာစားပြီး လမ်းလျှောက်ရာမှ ခြေချော်ကာ ရေထဲပြုတ်ကျမှုဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။
ကူညီရှာဖွေပေးနေတဲ့ လင်းလက်လူမှုကူညီရေးအသင်း တာတန်ရှိသူက “သူတို့က အိန္ဒိယနိုင်ငံကနေ မလေးရှားနိုင်ငံကိုလာပြီး အခု မြန်မာကိုလာတာလို့လည်း သိရတယ်။ ဖြစ်စဉ်ဖြစ်တုန်းက ခြေချော်ကျပြီး ဗောတံတားအောက်ရောက်သွားတယ် ထင်ပါတယ်။ ရေငုပ်သမားနှစ်ဦးလည်းငှားပြီးရှာနေတယ်။ ဒီနေ့လည်း ဆက်ရှာနေပေမယ့် မတွေ့သေးပါဘူး” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
အဆိုပါ နိုင်ငံခြားသား ရေထဲပြုတ်ကျပျောက်ဆုံးတာကို ဆိပ်ကမ်းတာ၀န်ရှိသူတွေ၊ ကျောက်တံတားမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပရဟိတအဖွဲ့တွေ ပူးပေါင်းကာကူညီရှာဖွေလျက်ရှိနေတယ်လို့လည်း သိရပါတယ်။
