


၄. ၅. ၂၀၂၅
Written by Nay Moe
အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံထားရသော TNLA နယ်မြေလုယက်သိမ်းယူထားရာ နောင်ချိုနှင့် မိုးကုတ်မြို့နယ်ရှိ ကျေးရွာများကို လေကြောင်းဖြင့် ထပ်မံဗုံးကြဲချသော်လည်း တစ်ဦးသာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA က ယခု ထုတ်ပြန်သည်။
စေ့စပ်ညှိနှိုင်းမှု လက်မခံသည့် TNLA က မသက်ဆိုင်ဘဲ သိမ်းယူထားသည့် နောင်ချိုမြို့နယ်၊ ဝါးဘိုးကုန်းကျေးရွာကို ယမန်နေ့ ည ၈ နာရီခန့်က ဂျက်ဖိုက်တာဖြင့် ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး TNLA အခြေပြု စာသင် ကျောင်းတစ်ကျောင်း ထိမှန်ပျက်စီးခဲ့သည်ဟု ဆိုသည်။
အလားတူ မိုးကုတ်မြို့အနောက်ပိုင်း၊ ဆင်ခွာကျေးရွာကိုလည်း ည ၉ နာရီ ၅၅ မိနစ်အချိန်တွင် လေကြောင်းဖြင့် ပေါင်(၂၅ဝ)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့၍ TNLA အခြေပြုရာ ဘုန်းကြီးကျောင်း(၂) ကျောင်းနှင့် ဓမ္မာရုံတို့ ထိမှန်ပျက်စီးသွားခဲ့သည်ဟုလည်း ဆိုသည်။
အပစ်အခတ်ရပ်စဲရေးအတွက် မသက်ဆိုင်ဘဲ သိမ်းယူထားသည့် TNLA နယ်မြေလုယက်စိုးမိုးထားရာ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စသောဒေသများမှ TNLA တပ်များ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်အတွင်းထိသို့ ဆုတ်ပေးရန် တောင်းဆိုမှုကို လက်မခံသည့်အကျိုးဆက်အဖြစ် TNLA နယ်မြေလုယူထားရာ မိုးကုတ်ကို သုံးရက်ဆက် လေကြောင်းတိုက်ခိုက် ဗုံးကြဲလိုက်ရာ တစ်ဦးသေဆုံးသွားသည်ဟုလည်း TNLA က ယမန်နေ့က ထုတ်ပြန်ခဲ့သေးသည်။
၁၀၂၇ စစ်ဆင်ရေးများနှင့် နယ်မြေလုယက်သိမ်းယူကာ ပြည်သူပိုင်အိုးအိမ်များ ဖောက်ထွင်းခိုးယူမှု၊ ပြည်သူများကို တိုက်ခိုက်သတ်ဖြတ်မှုကြောင့် အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ခံထားရသည့် TNLA လက်နက်ကိုင်တို့ အခြေစိုက်ရာ မိုးကုတ်မြို့အနောက်ပိုင်း၊ ကသဲရပ်ကွက်ရှိ အနောက်ကျောင်းကို ယမန်နေ့နံနက် ၉ နာရီခန့်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲချမှုကြောင့် လူ (၁)ဦး သေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
တပ်မတော်က ဂျက်ဖိုက်တာဖြင့် ဗုံး (၁)လုံးတည်းသာကြဲချတိုက်ခိုက်ခဲ့ခြင်းလည်းဖြစ်ပြီး ဗုံးချရောက်ပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရမှုအပြင် နေအိမ်လည်း ထိမှန်ပျက်စီးခဲ့သည်ဟု ဆိုသည်။
ထိုတိုက်ခိုက်မှုအပြင် မေလ (၂)ရက် ည ၁၁ နာရီ ၄၅ မိနစ်အချိန်လည်း မိုးကုတ်မြို့ကို ပေါင်(၂၅ဝ)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့၍ TNLA အခြေစိုက်ရာ အုတ်ပြင်ရပ်ကွက်ရှိ ဓမ္မာရုံနှင့် နေအိမ် (၆)လုံး ထိမှန်ပျက်စီးသွားခဲ့သည်ဟု ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် ဧပြီလ (၃ဝ)ရက်လည်း မိုးကုတ်မြို့အနောက်ပိုင်း၊ သစ်စိမ့်ကုန်းနှင့် ကျောက်ပုတ်ကျေးရွာကြားရှိ TNLA စခန်းကို လေကြောင်းဖြင့်ပေါင်(၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်ဟုလည်း ပြောသည်။
နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စသောဒေသများမှ TNLA တပ်များ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်အတွင်းထိသို့ ဆုတ်ပေးရန် တောင်းဆိုသည့် အပစ်ရပ်ရေးတွေ့ဆုံပွဲကို ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်က ဆွေးနွေးခဲ့ပြီး အဆင်မပြေသဖြင့် ဩဂုတ်လတွင် ထပ်မံတွေ့ရန် စီစဥ်ခဲ့သည်ဟု PSLF/TNLA ကိုယ်စားလှယ်နှင့် မြန်မာအစိုးရတပ်ကိုယ်စားလှယ်တို့၏ ကူမင်းတွေ့ဆုံဆွေးနွေးပွဲနှင့် စပ်လျဥ်းသော PSLF/TNLA ၏ သတင်းထုတ်ပြန်မှုအရ သိရပြီး ထိုဆွေးနွေးပွဲ အဆင်မပြေ၍လည်း TNLA နယ်မြေလုယက်သိမ်းယူထားရာမိုးကုတ်နှင့် နောင်ချိုကို သုံးရက်ဆက် ဗုံးကြဲခဲ့ခြင်းလည်း ဖြစ်သည်။
