
၄. ၅. ၂၀၂၅
Written by Nay Moe
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၀၈ လမ်းရှိ တိုက်ခန်းတစ်ခု၌ ဧပြီ ၂၂ ရက်နေ့ နံနက်ပိုင်းက တစ်ဦးတည်းနေသည့် အမျိုးသမီးကြီးကို လည်လှီးသတ်ဖြတ်ကာ လုယက် ဓားပြတိုက်မှု ဖြစ်ပွားခဲ့မှုတွင် သတ်ဖြတ်သူမှာ သေဆုံးသူ၏ တူအရင်းဖြစ်ပြီး ထို တရားခံကို ဆွေမျိုးများက ဖုံးဖိကာကွယ်ပေးထားကြောင်း သေဆုံးသူ၏ သမီးဖြစ်သူက လူမှုကွန်ရက်တွင် ဖော်ပြ အကူအညီတောင်းခံထားမှုအရ သိရသည်။
ဖြစ်စဥ်မှာ ဧပြီ ၂၂ ရက် နံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့ပြီး ၁၀၈ လမ်းအတွင်း တိုက်အမှတ် (၁၅) သုံးလွှာ၌ တစ်ဦးတည်းနေ အသက်(၆၉) နှစ်အရွယ် ဒေါ်သန်းသန်းဌေး (ခ) Aisha B P Kaka မှာ လည်လှီး အသတ်ခံရပြီး ငွေနှင့်ရွှေထည်ပစ္စည်းများပါသွားခဲ့သည်ဟု သိရသည်။
“ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင်နေထိုင်သူ ပူးတွဲဓာတ်ပုံပါ ဝေလင်းနိုင်၊ အသက် (၃၇)နှစ်၊ မှတ်ပုံတင်အမှတ် ၁၂/မဂဒ(နိုင်)…. ကိုင်ဆောင်သူသည် ကျွန်မ၏မိခင်ဖြစ်သူဒေါ်သန်းသန်းဌေးအား (၂၂.၄.၂၀၂၅)ခုနစ်၊ အင်္ဂါနေ့တွင် သူမနေထိုင်ရာ အမှတ်(၁၅) (၃)လွှာ၊ (၁၀၈)လမ်းနေအိမ်၌ ရက်ရက်စက်စက်လူမဆန်စွာဖြင့် လည်ပင်းလှီးသတ်ဖြတ်၊ လုယက်၊ ဓားပြတိုက်ကာ ရွှေထည်ပစ္စည်းများနှင့်ငွေကြေးအမြောက်အများကို ယူဆောင်ကာ ထွက်ပြေးတိမ်းရှောင်နေပါကြောင်း CCTV အထောက်အထားများအရ သတင်းတိကျခိုင်လုံပါသဖြင့် အဆိုပါလူသတ်တရားခံဝေလင်းနိုင်ဆိုသူအား တွေ့ရှိပါက အနီးစပ်ဆုံးသက်ဆိုင်ရာရဲဌာနများသို့ သတင်းပေးတိုင်ကြားပေးကြပါရန် မေတ္တာရပ်ခံတောင်းဆိုအပ်ပါသည်။ အသတ်ခံရသူ ကျွန်မမိခင်၏မောင်နှမအရင်းအချာများက တရားခံအား ဖုံးဖိ ကာကွယ်ပေးနေကြပါသည်။ ယခုသတင်းပို့စ်အား မျှဝေ Share ပေးခြင်းဖြင့် လူသတ်တရားခံဖမ်းမိရေးအတွက် တစ်တပ်တအားပူးပေါင်းပါဝင်ကူညီပေးစေလိုပါသည်။”ဟု သေဆုံးသူ၏ သမီးဖြစ်သူ ဒေါ်ဇင်နွယ်ဦးက လုယက်သတ်ဖြတ်ခံရသည့် ဒေါ်သန်းသန်းဌေးကို Tag တွဲ ဖော်ပြထားသည်။
ထို့အပြင် လုယက်သတ်ဖြတ်ခံရသူမှာ မကြာမီကာလအတွင်း သမီးဖြစ်သူမိသားစုရှိရာ အမေရိကန်နိုင်ငံသို့ သွားရောက်နေထိုင်မည်ဖြစ်သည်။ ထို့အတွက် သူမပိုင်ဆိုင်သည့် လက်ကောက်ကို မသေဆုံးမီရက်ပိုင်းက ညီမဖြစ်သူနှင့် သွားရောင်းခဲ့ကြောင်း သတ်ဖြတ်သူမှာလည်း ဒေါ်သန်းသန်းဌေး၏ မောင်အငယ်ကမွေးသည့် သားအလတ်ဖြစ်ကြောင်း ဒေါ်ဇင်နွယ်ဦးက ရေးသားဖော်ပြထားသည်။
MT News က သတ်ဖြတ်မှု CCTV မှတ်တမ်းအား ဆက်သွယ်တောင်းခံရန် ကြိုးပမ်းနေပြီး သံသယတရားခံဟုဆိုသူနှင့် ဖုံးဖိကာကွယ်သူဟု ပြောဆိုခံရသူများကိုလည်း ဆက်သွယ်ရန် ကြိုးပမ်းနေကာ ဆက်သွယ်ရရှိပါက ထပ်မံဖော်ပြမည်ဖြစ်သည်။
