
၄.၅.၂၀၂၅
Written by Hey Mar
ကုန်စိမ်းရောင်းဖို့ ဈေးကြိုသွားတဲ့ အမျိုးသမီးကြီးတစ်ဦး ယာဉ်တိုက်ခံရပြီး သေဆုံးခဲ့တဲ့ဖြစ်စဉ် မေလ ၃ ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တ်ိုင်မြို့နယ်၊ ဗားကရာစာတိုက်မှတ်တိုင်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ ပြည်သူ +လူရွှင်တော် လူမှုကူညီရေးအသင်းထံကနေသိရပါတယ် ။
ယာဉ်တိုက်ခံရတဲ့ အမျိုးသမီးကြီးက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာနဲ့ နေရပ်အတိအကျ မသိရှိရသေးဘဲတိုက်သွားယာဉ်က ဟိုက်ဂျက်ယာဉ်ဖြစ်ကြောင်းနဲ့ သေဆုံးသူမှာ ခန့်မှန်းခြေ အသက် ခြောက်ဆယ်ဝန်းကျင်လို့ အဆိုပါအသင်းတာဝန်ရှိသူက ဆိုပါတယ်။
“သူက ကားတိုက်တဲ့အရှိန်နဲ့ ပစ်လဲကျပြီး ဦးဆက်ပွင့်သေဆုံးတာပါ။ နေရာတင်သေဆုံးတာမို့ သက်ဆိုင်ရာက စစ်ဆေးပြီးတာနဲ့ ရန်ကုန်ဆေးရုံကြီးဆီ ပို့ပေးခဲ့ပါတယ်။ အဲ့ဒီနေရာက အခုလထဲမှာ ဒီဖြစ်စဉ်က ဒုတိယအကြိမ်ဖြစ်တာ။ ပြီးခဲ့တဲ့ ဧပြီ ၃၀ အကုန်၊ မေလ တစ်ရက် မနက်အစောကြီးတုန်းကလည်း ဂါလီဆိုင်ကားနင်းတဲ့သူကို ဆယ်ဘီးကားက တိုက်ကြိတ်သွားမှု ဖြစ်သွားသေးတယ်” လို့ပြည်သူ+လူရွှင်တော် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက MT News ကို ပြောပါတယ်။
အဆိုပါအမျိုးသမီးရဲ့ရုပ်အလောင်းကို ပြည်သူ+ လူရွှင်တော် လူမှုကူညီရေးအသင်းမှ သက်ဆိုင်ရာ ဌာနတွေနဲ့ ပူးပေါင်းချိတ်ဆက်ကာ စိစစ်မှုတွေ ပြုလုပ်ပြီး သေဆုံးခန္ဓာကိုယ်ကို အထွေထွေရောဂါကုဆေးရုံ (လမ်းမတော်)YGH ဆီ ပို့ဆောင်ကူညီခဲ့တယ်လို့ သိရပါတယ်။
