

MT News
၄. ၅. ၂၀၂၅
PDF များသည် အများပြည်သူများ အထိတ်တလန့် ဖြစ်စေရန်၊ ရိုးသားစွာ နေထိုင်လုပ်ကိုင်စားသောက်နေမှုများကို နှောင့်ယှက်ရန်၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ အခက်အခဲများ ဖြစ်ပေါ်စေရန်နှင့် အကြောက်တရားများ ပိုမိုဖြစ်ပေါ်စေရန် ရည်ရွယ်၍ မြို့၊ ရွာ၊ ရပ်ကွက်၊ ကျေးရွာများ၊ လမ်း၊ တံတားများ၌ မိုင်းထောင်ဖောက်ခွဲခြင်းများကို လုပ်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတောင် ရပ်ကွက်၊ မုံရွာတောင်ဇက်ဆိပ်(မုံရွာ-ညောင်ပင်ကြီး ကူးတို့ဆိပ်)ရှိ ပြည်သူများနှင့် ယာဉ်များ အတက်အဆင်း ပြုလုပ်ရာနေရာ၌ လက်လုပ်တိုက်မိုင်းများ ထောင်ထားကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးမှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးစဉ် ယမန်နေ့နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် အဆိုပါဇက်ဆိပ်၌ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်တိုက်မိုင်း ၅ လုံးအား တွေ့ရှိခဲ့ရသည်။
ထို့အတွက် အများပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မဖြစ်စေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘေးအန္တရာယ်ကင်းရှင်းစွာ စနစ်တကျ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိ ရသည်။
PDF များအနေဖြင့် ပြည်သူများအပေါ် ထိခိုက် ပျက်စီးဒဏ်ရာရရှိစေရန် လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်အား လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
