
၄.၅. ၂၀၂၅
Translated by Thettant
စင်ကာပူနိုင်ငံ၏ အာဏာရ ပြည်သူ့လှုပ်ရှားမှုပါတီ (People’s Action Party – PAP) သည် စနေနေ့က ကျင်းပသော အထွေထွေ ရွေးကောက်ပွဲတွင် ပါလီမန်အမတ်နေရာ၏ သုံးပုံနှစ်ပုံထက်ပိုသော အမတ်နေရာအများစုကို အနိုင်ရရှိခဲ့ပြီး ၁၉၅၉ ခုနှစ်ကတည်းက အုပ်ချုပ်ခဲ့သော နိုင်ငံကို နောက်ထပ် ငါးနှစ် ဆက်လက်ထိန်းချုပ်နိုင်ခဲ့ကာ ဆယ်စုနှစ် ၆ ခုကျော် အာဏာဆက်လက် ဆုပ်ကိုင်နိုင်ခဲ့သည်။
တရားဝင် နောက်ဆုံးရလဒ်များအရ PAP ပါတီသည် ပြိုင်ဘက်မရှိဘဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အမတ်နေရာ ၅ နေရာအပါအဝင် ပါလီမန်အမတ်နေရာ ၉၇ နေရာအနက် ၈၇ နေရာကို ရရှိခဲ့ကြောင်း တနင်္ဂနွေနေ့ အစောပိုင်းတွင် ဖော်ပြခဲ့သည်။
နောက်ဆုံးရလဒ်များအရမူ အာဏာရပါတီအတွက် အမတ်နေရာ ၈၇ နေရာနှင့် အတိုက်အခံ အလုပ်သမားပါတီအတွက် ၁၀ နေရာ ရရှိခဲ့သည်။

“လူတွေက တည်ငြိမ်မှုကို မဲပေးခဲ့ကြတယ်” ဟု PAP အမတ်ဟောင်း အင်ဒါဂျစ်ဆင်းခ်က ပြောကြားခဲ့သည်။
ကုန်သွယ်ရေးစစ်ပွဲနှင့် အခွန်ပြဿနာများ၏ နောက်ခံတွင် စင်ကာပူလူမျိုးများသည် PAP ၏ မဟာဗျူဟာကို ဆက်လက်ယုံကြည်ခဲ့ကြပြီး မဲများနဲ့ စွန့်စားမှု မလုပ်ရန် လက်ခံခဲ့ကြသည်။
စင်ကာပူ၏ စီးပွားရေးသည် နိုင်ငံတကာ ကုန်သွယ်ရေးအပေါ် များစွာ မှီခိုနေရပြီး ကုန်သွယ်ရေး-GDP အချိုးသည် ကမ္ဘာ့ပျမ်းမျှထက် ငါးဆနီးပါး၊ ၃၀၀ ရာခိုင်နှုန်းကျော် ရှိသည်။ ကမ္ဘာ့အဓိက သင်္ဘောလမ်းကြောင်းများထဲမှ တစ်ခုဖြစ်သော မလက္ကာရေလက်ကြားတွင် တည်ရှိသော စင်ကာပူ၏ ဆိပ်ကမ်းသည် ကမ္ဘာ့အလုပ်အများဆုံး ဆိပ်ကမ်းများထဲတွင် ပါဝင်သည်။
PAP ပါတီသည် ပါလီမန်အမတ်နေရာ ၉၇ နေရာအနက် ၈၇ နေရာကို အနိုင်ရရှိခဲ့ပြီး လူကြိုက်များသော မဲအချိုးအစားသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ရရှိခဲ့သော ၆၁ ဒသမ ၂ ရာခိုင်နှုန်းမှ ၆၅ ဒသမ ၆ ရာခိုင်နှုန်းသို့ တိုးလာခဲ့သည်။ လွတ်လပ်သော ကိုယ်စားလှယ် နှစ်ဦးအပါအဝင် အတိုက်အခံပါတီ ၁၁ ခုအနက် အဓိက အတိုက်အခံပါတီဖြစ်သော အလုပ်သမားပါတီသာ အမတ်နေရာများ အနိုင်ရရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် မဲအရေအတွက်အတိုင်း ကိုယ်စားလှယ် ၁၀ ဦးကို ပါလီမန်သို့ စေလွှတ်နိုင်ခဲ့သည်။

ရွေးကောက်ပွဲရလဒ်သည် ကုန်သွယ်ရေးစစ်ပွဲနှင့် အမေရိကန်-တရုတ် တင်းမာမှုများကို ဖြတ်ကျော်ရန် PAP သည် အကောင်းဆုံးပါတီဖြစ်ကြောင်း ပြောကြားခဲ့သော ဝန်ကြီးချုပ် လောရင့်ဝေါင်အတွက် အောင်မြင်မှုတစ်ခုဖြစ်ခဲ့သည်။ အမေရိကန်မှ ကောက်ခံသော အခွန်များသည် လူဦးရေ ခြောက်သန်းနီးပါးရှိသော ကမ္ဘာ့တစ်ဦးချင်း ဝင်ငွေအမြင့်ဆုံးနိုင်ငံများထဲမှ တစ်ခုဖြစ်သည့် စင်ကာပူကို ထိခိုက်စေမည်ဟုလည်း ၎င်းက သတိပေးခဲ့သည်။
“ရလဒ်တွေအရ စင်ကာပူလူမျိုးတွေက သတင်းစကားကို နားလည်တယ်ဆိုတာကို ပြသမှာပါ” ဟု မစ္စတာဝေါင်က သတင်းထောက်များကို ပြောကြားခဲ့သည်။
သို့သော် “ပါလီမန်မှာ အတိုက်အခံအမတ်တွေ ပိုများတာကို ဆက်လက်လိုလားတဲ့ စင်ကာပူလူမျိုးတွေ အများကြီး ရှိနေသေးတယ်။ အဲဒီအမြင်ကို ကျွန်တော် လေးစားပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
အလုပ်သမားပါတီ (Workers’ Party) ကို ပါလီမန်တွင် အမတ်နေရာ နှစ်နေရာ ထပ်မံပေးအပ်သွားမည်ဖြစ်ပြီး ပါတီ၏ ပါဝင်မှုကို ၁၂ နေရာသို့ တိုးမြှင့်ပေးသွားမည်ဟုလည်း မစ္စတာဝေါင်က ပြောကြားခဲ့သည်။
Ref, Nikkei Asia & The New York Times
