၂. ၅. ၂၀၂၅
Written by Nay Moe
နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စသောဒေသများမှ TNLA တပ်များ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်အတွင်းထိသို့ ဆုတ်ပေးရန် တောင်းဆိုသဖြင့် အပစ်ရပ်ရေးတွေ့ဆုံပွဲ အဆင်မပြေဘဲ ဩဂုတ်လတွင် ထပ်မံတွေ့ရန် စီစဥ်ခဲ့သည်ဟု PSLF/TNLA ကိုယ်စားလှယ်နှင့် မြန်မာအစိုးရတပ်ကိုယ်စားလှယ်တို့၏ ကူမင်းတွေ့ဆုံဆွေးနွေးပွဲနှင့် စပ်လျဥ်းသော PSLF/TNLA ၏ သတင်းထုတ်ပြန်မှုအရ သိရသည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) ၏ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် နစက၏ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်သည့် ကိုယ်စားလှယ်တို့သည် တရုတ်နိုင်ငံ၏ကြားဝင်စီစဉ်မှုဖြင့် ဧပြီလ (၂၈) ရက်နှင့် (၂၉)ရက်တွင် အပစ်အခတ်ရပ်စဲနိုင်ရန်အတွက် တရုတ်ပြည်၊ ကူမင်းမြို့၌ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြသည်။
နစက၏ ကိုယ်စားလှယ်တို့က နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စသောဒေသများမှ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်အတွင်းထိသို့ တအာင်းတပ်မတော်(TNLA) တပ်ဖွဲ့များအားလုံးကို ပြန်လည်ဆုတ်ခွာရန် တောင်းဆိုချက်ကို PSLFကိုယ်စားလှယ်များက သဘောမတူနိုင်သဖြင့် နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှု ထပ်ဆင့်မတိုးနိုင်သေးဘဲ နှစ်ဖက်အပစ်အခတ်ရပ်စဲနိုင်ရန်အတွက် လာမည့်ဩဂုတ်လတွင် ထပ်မံတွေ့ဆုံရန် သဘောတူခဲ့ကြသည်ဟု PSLF/TNLA က ဆိုသည်။
ထို့အတူ လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်းစသည့် ပစ်ခတ်တိုက်ခိုက်မှုများအားလုံးရပ်တန့်ရန်၊ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရန်၊ ဒေသတည်ငြိမ်အေးချမ်းရန်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကဲ့သို့ တစ်ဆင့်တိုး အပစ်အခတ်ရပ်စဲရေး ပြုလုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းမှ ကမကထပြု အလေးထားကြိုးပမ်းပြီး နှစ်ဖက်တွေ့ဆုံမှုများ အလျင်အမြန်တိုးတက်လာစေရန် ဆောင်ရွက်ခဲ့သည်ဟုလည်း PSLF/TNLA က ပြောသည်။
