ပုံစာ။ လားရှိုးမြို့၏ ယနေ့မြင်ကွင်းနှင့် ဆေးရုံပစ္စည်းများ MNDAA ခိုးထုတ်ကာ ရာဇဝတ်သားများ လွှတ်ပေးခဲ့သည့် သတင်းဖော်ပြမှုအချို့ (Photo - Mekhong News & CJ)
၂. ၅. ၂၀၂၅
Written by Nay Moe
လားရှိုးမြို့ကို တပ်မတော်က ထိန်းချုပ်လိုက်ပြီးနောက် ပြန်လည် လည်ပတ်ရန် ကြိုးစားနေသော်လည်း လားရှိုးထောင်ဖွင့်ကာ ရာဇဝတ်သားများကို MNDAA လွှတ်ပေးခဲ့မှုကြောင့် ငြိမ်ဝပ်ပိပြားမှု ခက်ခဲနိုင်သလို လားရှိုးဆေးရုံကြီးမှပစ္စည်းများကိုလည်း MNDAA က တိုက်ပွဲအတွင်း ဖျက်ဆီးခဲ့မှုနှင့် မြို့မှစွန့်ခွာအပြီး နိုင်ငံနှင့်ပြည်သူပိုင် ဆေးရုံသုံးပစ္စည်းများကို အခွင့်မရှိဘဲ ဖြုတ်ခိုးယူသွားကြမှုကြောင့် စနစ်တကျပြန်လည် လည်ပတ်ရန် အခက်ကြုံနေရကြောင်း ဒေသခံများက ပြောသည်။
လားရှိုးမြို့ကို MNDAA အကြမ်းဖက်တိုက်ခိုက်သိမ်းယူစဥ် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၈ ရက်နေ့က နိုင်ငံရေးအကျဥ်းသား ၄၀၀ ခန့် ဖမ်းဆီးခံထားရသည်ဟုဆိုကာ လားရှိုးထောင်ကို တိုက်ခိုက်ပြီး အကျဥ်းသားများကို ဖွင့်ပေးရာမှ NLD ပါတီ၏ CEC ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ငံရေးဆက်နွှယ်ပုဒ်မဖြင့် ထောင်ကျသူနှင့် TNLA လက်နက်ကိုင် ၄၀၀ ခန့် လွတ်သည့်အပြင် လူသတ်မှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးဝါးမှု စသော ခိုးဆိုးလုယက်သူ ၂၃၀၀ ခန့်မှာ တချို့သေဆုံးသော်လည်း အများစု လွတ်မြောက်ခဲ့ပြီး ရာဇဝတ်သား ၁၇၀၀ ခန့်နှင့် စစ်သုံပန်းများကို MNDAA ထိန်းချုပ်ထားခဲ့သည်။ ထို့နောက် လားရှိုးမြို့က MNDAA စွန့်ခွာရချိန် စစ်သုံပန်းများကို MNDAA ဆက်လက်ခေါ်ဆောင်ဖမ်းဆီးကာ ရာဇဝတ်သားများကိုမူ လွှတ်ပေးခဲ့လိုက်၍ ယခုအချိန် လားရှိုးပြည်သူများမှာ တရုတ်ကိုးကန့် MNDAA ဦးနှောက်မဲ့စွာ လွှတ်ပေးခဲ့သော ရာဇဝတ်သားများ၏ဒဏ်ကို ရင်စည်းခံနေရသည်။
“မြို့သိမ်းတုန်းကလည်း ကိုးကန့်တရုတ်တွေက အိမ်တွေဖောက်ပြီး ကောင်းတာအကုန်ယူကြသလို သူတို့လွှတ်ပေးလိုက်တဲ့ ရာဇဝတ်ကောင်တွေကလည်း ဖောက်ထွင်းခိုးယူလုပ်ကြတယ်။ အဲဒီကောင်တွေကို တပ်မတော်က ထောင်ပြုပြင် ပြန်ဖမ်းဖို့လုပ်မယ်ဆိုပေမဲ့ ချက်ချင်းမဖြစ်နိုင်သလို ဒီကောင်တွေကလည်း အဖမ်းခံမှာ မဟုတ်ဘဲ ရှောင်ပုန်းရင်း ပြစ်မှုဆက်ကျူးလွန်နေတာပဲလေ။ အခု ဒီရက်ပိုင်းထဲမှာ တပ်မတော်ဝင်လာတဲ့ ၁၀ ရက်အတွင်းကို လူသတ် ဓားပြမှု ခိုးမှု ဆယ်မှုလောက်ဖြစ်တယ်။ ကိုးကန့်တပ်က သူ့နယ်မြေအထူးဒေသနဲ့မဆိုင်တဲ့ ဒီလားရှိုးကို အပေးအယူရဖို့အတွက် တမင်သက်သက် တက်သိမ်းခဲ့ပြီး မြို့မတည်ငြိမ်အောင် ရာဇဝတ်သားတွေ တမင်လွှတ်ပေးခဲ့တဲ့ သဘောပါပဲ”ဟု လားရှိုးမြို့ကို ယခုရက်ပိုင်းအတွင်း ပြန်လည်ဝင်ရောက်လာသူတစ်ဦးက ပြောသည်။
လားရှိုးမြို့သို့ တပ်မတော် ပြန်လည်ဝင်လာပြီးနောက် တရုတ်ကိုးကန့်တပ်ကြောင့် ထွက်ပြေးသွားကြသည့် ဝန်ထမ်းများ မေလအတွင်း မိမိအစီအစဥ်နှင့် မိမိပြန်ဝင်ဖို့ရန် ဌာနအလိုက် စာထုတ်ထားသလို ဒေသခံပြည်သူများလည်း နေ့စဥ် ပြန်ဝင်လာနေသည်ဟု MT News က သိရှိထားရပြီး ယနေ့တွင်လည်း SAC အစိုးရအုပ်ချုပ်မှု လည်ပတ်သည့်ဖြစ်စဥ်အဖြစ် စည်ပင်ဝန်ထမ်းများ သန့်ရှင်းရေးလုပ်ခြင်း၊ လားရှိုးဆေးရုံကြီးပြန်ဖွင့်ရန် ဆောင်ရွက်ခြင်းများ လုပ်ဆောင်နေသည်ဟု သိရသည်။ သို့သော် ကုတင် (၅၀၀) ဆံ့ လားရှိုးဆေးရုံကြီးက ပြည်သူပိုင်ပစ္စည်းအကုန် တရုတ်ကိုးကန့် MNDAA က သိန္နီအပါအဝင် အထူးဒေသဘက် ဖြုတ်ခိုးသယ်ယူသွား၍ ဆေးရုံသုံးပစ္စည်းများ မကျန်သလောက်အခြေအနေဟုလည်း သိရသည်။
“အခု မေလထဲမှာ ဌာနအလိုက် ဝန်ထမ်းတွေက ဘယ်နေ့ဘယ်ရက်မှာ ကိုယ့်အစီအစဥ်နဲ့ကိုယ် နောက်ဆုံးထား ပြန်ဝင်ဖို့ စာထုတ်ထားတာရှိတယ်။ ဒီရက်တွေထဲလည်း ဆက်တိုက်ပြန်ဝင်နေလို့ ဝင်လာတဲ့သူတွေနဲ့ ပြန်လည်ပတ်ဖို့ စီစဥ်ကြတာ။ ကျန်တဲ့နေရာတွေက သိပ်မသိသာပေမဲ့ ကျန်းမာရေးကဏ္ဍအတွက် အရေးကြီးတဲ့ ဆေးရုံမှာက နိုင်ငံနဲ့ပြည်သူပိုင် ပစ္စည်းတွေ MNDAA အကုန်သယ်သွားတယ်။ MNDAA သိမ်းပြီးတစ်ပတ်လောက်ကတည်းက သူတို့တပ်ဖွဲ့ဝင်တွေ ဆေးကုဖို့ CDM ဆရာဝန်တွေကို အသည်းအသန်ခိုင်းပြီး တစ်ပတ်လောက်နဲ့ ဆေးရုံလည်ပတ်တာ။ အခု အဲဒီဆေးရုံမှာ ထရန်စဖော်မာကအစ ဆေးရုံကားတွေ၊ ဆေးတွေ၊ အထဲက ဆေးရုံသုံးပစ္စည်းတွေ၊ ကျောက်ကပ်ဆေးစက်တွေ၊ CDM ဆရာဝန်တွေနဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေ MNDAA က အကုန်ခိုးထုတ်သွားတာ။ ဆေးရုံကားတောင် မကျန်ဘူး။ အခွံသက်သက်ပဲ ကျန်တော့တာ။ ဆေးရုံလည်ပတ်နိုင်တယ်ဆိုတာကလည်း ဆရာဝန်နဲ့ဆေးလောက်နဲ့ အရေးပေါ်ဌာနလောက်နဲ့ပဲ လည်ပတ်ရမှာ။ ဆေးရုံသုံးပစ္စည်းတွေဆို ဘာမှမရှိတော့ဘူး”ဟု လားရှိုးမြို့သို့ ပြန်လည်ဝင်ရောက်လာသူ ဝန်ထမ်းတစ်ဦးက ဆိုသည်။
စစ်ဘေးဒဏ်ကို ဆိုးရွားစွာခံခဲ့ရသော လားရှိုးမြို့အား တပ်မတော်က ဝင်ရောက်ထိန်းချုပ်နိုင်သော်လည်း MNDAA ဖျက်ဆီးခဲ့မှုများကြောင့် ပြန်လည် လည်ပတ်နိုင်ရန်မှာမူ အချိန်များစွာ ရယူရဖွယ်ရှိနေသလို ဆယ်စုနှစ်တစ်ခုခန့်ကြာ ပြန်လည်ထူထောင်ရဖွယ်ရှိနေသည်ဟုလည်း ဒေသခံများက ပြောသည်။
ပုံစာ။ လားရှိုးမြို့၏ ယနေ့မြင်ကွင်းနှင့် ဆေးရုံပစ္စည်းများ MNDAA ခိုးထုတ်ကာ ရာဇဝတ်သားများ လွှတ်ပေးခဲ့သည့် သတင်းဖော်ပြမှုအချို့ (Photo – Mekhong News & CJ)







