ပုံစာ။ တရုတ် သမ္မတနှင့် တရုတ်နိုင်ငံအပေါ် NUG, PDF တို့ ဆန္ဒပြမှုမြင်ကွင်း အချို့။
၂. ၅. ၂၀၂၅
Written by Nay Moe
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယနေ့အထိ တရုတ်နိုင်ငံ၏ စီမံကိန်းများကို PDF မျာက မီးရှို့ဖျက်ဆီး တိုက်ခိုက်မှုများစွာပြုလုပ်နေသည့်အပြင် ဆန္ဒပြမီးရှို့ဖျက်ဆီးမှုများပါ ပြုလုပ်နေသော်လည်း NUG က တရုတ်၏ ရန်သူမဟုတ်သလို တရုတ်အကျိုးစီးပွားကိုလည်း ထိခိုက်မည့်အဖွဲ့မဟုတ်ပါကြောင်း PDF တို့၏ ခေါင်းကိုင်ဖခင် NUG ယာယီသမ္မတ ဒူဝါလရှီးလက ယခု ထုတ်ဖော်ပြောဆိုလိုက်သည်။
ဒူဝါလရှီးလ၏ ယခုပြောဆိုမှုကို NUG ၏ အစည်းအဝေး ၁၃/၂၀၂၅ တွင် ပြောခဲ့ခြင်းဖြစ်သည်ဟု ယနေ့ထုတ်ပြန်လာမှုက ဖော်ပြထားပြီး “မိမိနိုင်ငံရဲ့ ပြည်တွင်းရေးကို မိမိကိုယ်တိုင် ဖြေရှင်းနိုင်ဖို့ လိုကြောင်း၊ ကမ္ဘာ့နိုင်ငံရေး အစီအစဉ် အပြောင်း အလဲတွေနဲ့ ပထဝီနိုင်ငံရေးဂိမ်းချိန်ခွင်လျှာ အပြောင်းအလဲတွေဟာ နိုင်ငံအပေါ် အကြီးအကျယ် ရိုက်ခတ်မှု ရှိနေကြောင်း၊ ဒါ့ကြောင့် လက်ရှိ ခေတ်သစ်ကမ္ဘာမှာ ပြည်တွင်းရေးဟာ ကမ္ဘာ့အရေးနဲ့လည်း ချိတ်ဆက်လာသလို ဒေသတွင်းနိုင်ငံတွေရဲ့ အရေးကိစ္စအဖြစ်လည်း ပါဝင်လာကြောင်း၊ နိုင်ငံတကာဆက်ဆံရေးမှာ နိုင်ငံတွေဟာ တစ်ထီးတည်းမနေကြရဘဲ ပူးပေါင်းဆောင်ရွက်ကြရတဲ့ ဖြစ်စဉ်ဟာ ခေတ်စားနေတာ ကြာပြီဆိုတာ တွေ့ရမှာဖြစ်ကြောင်း၊ နိုင်ငံနဲ့ ပတ်သက်ရင်လည်း ဒေသတွင်းနိုင်ငံတွေရဲ့ အခန်းကဏ္ဍက အရေးပါတယ်လို့ ပြောနိုင်ပါကြောင်း၊ ဒါဟာ နိုင်ငံတကာနိုင်ငံရေးအခင်းအကျင်းရဲ့ ရာသီဥတုဖြစ်ပြီး အစိုးရအဖွဲ့အနေနဲ့ ပြည်တွင်းက အခင်းအကျင်းတွေကိုလည်း ပစ်ပယ်လို့ မရဘူးလို့ ပြောချင်ကြောင်း”လည်း ဒူဝါလရှီးလက ပြောခဲ့သည်။
NUG နှင့် PDF များက တရုတ်နိုင်ငံကို ဆန္ဒပြမှုများစွာအပြင် တရုတ်သမ္မတရှီကျင့်ဖျင်၏ ပုံ၊ တရုတ်အလံတို့ကို မီးရှို့ကာ ခြေဖြင့်နင်းခြင်းများလည်း ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ပြုမူခဲ့ဖူးပြီး တရုတ်၏ စီမံကိန်းများကို ဖျက်ဆီးတိုက်ခိုက်ရာတွင်လည်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ အဓိကတိုက်ခိုက်မှု ကြုံနေရသလို ဒေါ်လာသန်း ၉၀၀ ခန့် မြုပ်နှံထားသည့် တကောင်းတောင်စီမံကိန်းမှာလည်း ၂၀၂၄ ခုနှစ် ဇူလိုင်လမှစတင်ကာ PDF များ တိုက်ခိုက်ဖျက်ဆီး သိမ်းယူခံထားရသည်။
ထိုသို့ NUG လက်အောက်ခံ PDF များက တိုက်ခိုက်ဖျက်ဆီးမှုများ ပြုလုပ်နေကြသော်လည်း NUG ကမူ တရုတ်၏ ရန်သူမဟုတ်ပါကြောင်း ဒူဝါလရှီးလက “တရုတ်နိုင်ငံဘက်က အစိုးရအဖွဲ့(NUG)အပေါ် အမြင်တချို့ကို ပြန်လည်တည့်မတ်ပေးဖို့ ကိစ္စဖြစ်ကြောင်း၊ တရုတ်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအပေါ်မှာ အမျိုးမျိုးသော ထင်ကြေးတွေနဲ့ ချည်းကပ်ထင်မြင်နေတာ ကြာပြီဖြစ်ကြောင်း၊ အစိုးရအဖွဲ့ အနေနဲ့ ဒီအချက်ကိုလည်း လေးနက်စွာ ကိုင်တွယ်ဖြေရှင်းဖို့ လိုကြောင်း၊ အစိုးရအဖွဲ့ဟာ “တရုတ်ရဲ့ ရန်သူမဟုတ်ဘူး” ကြောင်း ၊ “တရုတ်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေမည့်အဖွဲ့မဟုတ်ဘူး” ကြောင်းဆိုတာ တိတိကျကျ ထုတ်ဖော်ပြောဆိုနိုင်ဖို့ လိုကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရဟာ တရုတ်နဲ့ပတ်သက်ရင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို အခြေခံတဲ့ နိုင်ငံခြားရေးသဘောထားရှိကြောင်း၊ ဒါ့ကြောင့် အစိုးရအဖွဲ့ဟာ တရုတ်ရဲ့ ရန်ဘက်အင်အားစုတစ်ခုလည်း မဟုတ်ဘူးဆိုတာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသသင့်ကြောင်း၊ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တရုတ်ရဲ့ အကျိုးစီးပွားတွေနဲ့ ပတ်သက်ရင်လည်း အမျိုးသားညီညွတ်ရေး အစိုးရဟာ တရုတ်အတွက် ဆူးညှောင့်ခလုတ်အဖြစ် ရှိနေမှာ မဟုတ်ဘဲ မိတ်ဖက်အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းကို တရုတ်ဘက်ကို သတင်းစကားပါးသင့်ကြောင်း” လိမ်လည်ပြောဆိုခဲ့တာကိုလည်း တွေ့ရပါတယ်။
ပုံစာ။ တရုတ် သမ္မတနှင့် တရုတ်နိုင်ငံအပေါ် NUG, PDF တို့ ဆန္ဒပြမှုမြင်ကွင်း အချို့။






