၂. ၅. ၂၀၂၅
Written by Nyein Kyaw
ငလျင်ဘေးဒဏ်ကြောင့် ပို့ကုန်လိုင်စင်မလိုဘဲ ပြည်ပသို့ ပို့ကုန်တင်ပို့ခြင်း ခွင့်ပြုပေးထားမှုအား ရပ်ဆိုင်းလိုက်ပြီး ပုံမှန်အတိုင်း ပို့ကုန်လိုင်စင်များ ပြန်လည်လျှောက်ထားရန် အကောက်ခွန်ဦးစီးဌာန၊ MACC ဌာနခွဲမှ ကြေညာချက်အမှတ် (၀၀၈/၂၀၂၅) ဖြင့် ယနေ့တွင် အသိပေးကြေညာထားသည်။
ကုန်သွယ်ရေးဦးစီးဌာန၏ သတင်းလွှာအမှတ် (၃/၂၀၂၅) အရ ပို့ကုန်လုပ်ငန်းများအား ပုံမှန်အတိုင်း Automatic licensing နှင့် Non-Automatic licensing စနစ်တို့ဖြင့် လျှောက်ထားရယူပြီးမှသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ အသိပေးကြေညာထားခြင်းဖြစ်သည်။
ထို့ကြောင့် MACCS စနစ်ဖြင့် ကြေညာလွှာတင်သွင်းရာတွင် ထုတ်ကုန်ကြေညာလွှာများ၌ လိုင်စင်ဖြည့်စွက်ကြေညာခြင်း၊ လိုင်စင် Balancing ဆောင်ရွက်ခြင်းတို့အား ယခင်လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဖြစ်ပေါ်ခဲ့သည့် အခက်အခဲများကြောင့် ပို့ကုန်လုပ်ငန်းရှင်များအား ပြီးခဲ့သည့် ဧပြီလတွင် ပို့ကုန်လိုင်စင်မလိုဘဲ ဆိပ်ကမ်းရှင်းလင်းရေးနှင့် အကောက်ခွန်လုပ်ငန်းများအား အွန်လိုင်းမှ တင်ပြဆောင်ရွက်ခြင်းဖြင့် ပြည်ပသို့ ပို့ကုန်တင်ပို့ခြင်း ခွင့်ပြုပေးထားခြင်းဖြစ်သည်။
