◾ ညှိနှိုင်းဆွေးနွေးရာတွင် ရိုးသားမှုရှိကြောင်းပြရန် အခွန်တိုးမြှင့်စည်းကြပ်ထားမှုများ ဖျက်သိမ်းရန်လိုဟု တရုတ်အစိုးရတောင်းဆို
၂.၅.၂၀၂၅
Translated by Htwe Ko Tun
သက်ဆိုင်သောအဖွဲ့အစည်းများမှတစ်ဆင့် အမေရိကန်အစိုးရက တရုတ်နိုင်ငံနှင့် ကုန်သွယ်စည်းကြပ်ခွန်ပြဌာန်းမှုကိစ္စများကို ညှိနှိုင်းလိုကြောင်း မျှော်လင့်မှုကိုဖော်ပြ၍ မကြာမီရက်များက အကြိမ်များစွာ မှတ်ချက်ပြုပြောကြားလာခြင်းအပေါ် တရုတ်အစိုးရအနေဖြင့် အကဲဖြတ်သုံးသပ်နေကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မေလ ၂ ရက်တွင် ပြောခဲ့သည်။
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမေရိကန်၏အကြီးတန်းအရာရှိများ တရုတ်အစိုးရနှင့် ညှိနှိုင်းဆွေးနွေးမှုများပြုလိုကြောင်း ထပ်ခါတလဲလဲပြောကြားလာခဲ့ကြအပြီးတွင် ဤကဲ့သို့ ပြန်လည်ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
မီဒီယာများ၏မေးမြန်းချက်ကိုဖြေကြားသည့်အနေဖြင့် ဝန်ကြီးဌာနက ကြေညာချက်ထုတ်ခဲ့ရာတွင် အမေရိကန်အစိုးရက မကြာသေးမီကပင် တရုတ်အစိုးရသို့ ကုန်သွယ်ရေးညှိနှိုင်းမှုများပြုလိုသည်ကို လမ်းကြောင်းအမျိုးမျိုးမှ သတင်းမှတ်ချက်များပြုခဲ့ကြောင်း ဖော်ပြခဲ့သည်။
ကြေညာချက်တွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်က ရှင်းလင်း၍ ပြောင်းလဲခြင်းမရှိကြောင်း၊ တိုက်ခိုက်မှုများပြုလုပ်လိုသည်ဆိုပါက တရုတ်နိုင်ငံကလည်းတုံ့ပြန်တိုက်ခိုက်မည်ဖြစ်ကြောင်း၊ အမေရိကန်က ညှိနှိုင်းဆွေးနွေးလိုသည်ဆိုပါကလည်း တံခါးဖွင့်ထားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် ဤအခွန်စစ်ပွဲက အမေရိကန်က စတင်ခဲ့ခြင်းသာဖြစ်ကြောင်း၊ ယခုအခါတွင် အမေရိကန်ကပင် ညှိနှိုင်းဆွေးနွေးလိုပါက အမေရိကန်အစိုးရအနေနှင့်၎င်း၏မှားယွင်းသော အလေ့အကျင့်များကိုပြင်ဆင်ခြင်း၊ ကုန်သွယ်စည်းကြပ်ခွန်များတစ်ဖက်သတ်တိုးမြှင့်မှုများကို ဖျက်သိမ်းရန်ကြိုတင်ပြင်ဆင်ခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် ရိုးသားမှုကိုပြသရမည်ဖြစ်ကြောင်း ပြောခဲ့သည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် ၎င်း၏ကုန်သွယ်ခွန်ပြဌာန်းမှုများကို ဖြစ်နိုင်ခြေရှိသောပြုပြင်ပြောင်းလဲမှုများအား အရိပ်အမြွက်ပြောကြားခဲ့ကြောင်းလည်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောခဲ့သည်။ သို့သော် အမေရိကန်အနေဖြင့် ၎င်း၏ မှားယွင်းသော အခွန်စည်းကြပ်မှုပြဌာန်းချက်များအား နောက်ဆုတ်ရုပ်သိမ်းခြင်းမရှိဘဲ ညှိနှိုင်းဆွေးနွေးရန်ကြိုးစားလျှင်မူ ရိုးသားမှုမရှိခြင်းဟုသာ ရှုမြင်ရမည်ဖြစ်ပြီး နှစ်နိုင်ငံကြားအပြန်အလှန်ယုံကြည်မှုကို ပိုမိုထိခိုက်စေမည်ဟု ကြေညာချက်က သတိပေးခဲ့သည်။
Ref- Xinhua, CCTV
