၂. ၅. ၂၀၂၅
Written by Nyein Kyaw
လားရှိုးမြို့သို့ တပ်မတော်က ဝင်ရောက်ထိန်းချုပ်ထားနိုင်ပြီဖြစ်သော်လည်း နောင်ချိုမြို့ဝန်းကျင်တွင် တိုက်ပွဲများဖြစ်နေသောကြောင့် မန္တလေး- လားရှိုး ကုန်သွယ်မှုတွင် ပြည်ထောင်စုလမ်းမကြီးထက် တောင်ကြီး-မိုင်းရယ်-လားရှိုးလမ်းကြောင်းဖြင့်သာ အဓိကဆောင်ရွက်နေရကြောင်း မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်ရေးဆောင်ရွက်နေသူများထံမှ သိရသည်.
“မန္တလေး-တောင်ကြီး-မိုင်းရယ်- လားရှိုး အဲလိုပဲသွားနေကြတယ်။ မန္တလေး- ပြင်ဦးလွင်လမ်းတော့ လမ်းမကြီးကတော့ တချို့နေရာတွေရတယ်။ တချို့နေရာတွေ မရဘူး။ နောင်ချိုနားလေးက မပြီးသေးဘူး။ နောင်ချို၊ ကျောက်မဲ၊ သီပေါ ကျန်သေးတာကိုး။ သူ့ရဲ့သဘောက တိုက်ပွဲဖြစ်တဲ့နေရာတွေဆို ကွင်းသွားရတာပေါ့။ နောင်ချိုနားဖြစ်တယ်ဆို နောင်ချိုကို ကွင်းသွားရတာပေါ့။ ကျန်တဲ့နေရာတွေကတော့ ပြည်ထောင်စုလမ်းမကြီးက ရတယ်။ ရှမ်းနဲ့ မန္တလေးအစပ်ကတော့ တိုက်ပွဲဖြစ်နေတယ်။ နောင်ချိုနားလေးတစ်ဝိုက်ပေါ့။ နောင်ချိုနဲ့ ၁၀ မိုင်လောက်တော့ဝေးတယ်” ဟု မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်ရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
ထို့ပြင် လားရှိုးမှ မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းရှိ နေရာတချို့ကိုလည်း ကိုးကန့်လက်နက်ကိုင် MNDAA နှင့် ပူးပေါင်းအဖွဲ့က ထိန်းချုပ်ထားသေးသောကြောင့် မူဆယ်သို့ ကုန်သွယ်မှုလမ်းကြောင်းမှာလည်း အနည်းငယ်အခက်အခဲရှိသေးကြောင်း သိရသည်။
“လားရှိုး-မူဆယ်ဘက်ကကြတော့ လားရှိုးဘက်မှာ သိန္နီရှိမယ်။ သိန္နီရဲ့ ဟိုဘက်မှာ ကွက်ခိုင်၊ နန့်ဖက်ကာ၊ နန့်ဖက်ကာရဲ့ ဟိုဘက်မှာက ၁၀၅ မိုင်လေ။ ကိုးကန့် ပူးပေါင်းအဖွဲ့ကပဲ ထိန်းချုပ်ထားသေးတာ” ဟု ၎င်းက ပြောသည်။
လားရှိုးမြို့တွင်းသို့ တပ်မတော်မှ ဝင်ရောက်အခြေစိုက်လာပြီးနောက် မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရန်နှင့် မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံသို့ ကုန်စည်ပို့ဆောင်နိုင်ရေး တာဝန်ရှိသူများဆွေးနွေးနေကြောင်းနှင့် အဆိုပါ ဆွေးနွေးမှုများသည် လာမည့် မိုးရာသီမတိုင်မီ အပြီးအပြတ်ဆွေးနွေးသွားဖွယ်ရှိနေကြာင်း မူဆယ်အခြေစိုက် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များထံမှ သိရသည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သော ကိုးကန့် MNDAA ၊ ရခိုင်တပ်တော် AA နှင့် တအာင်း TNLA တို့က ၁၀၂၇ စစ်ဆင်ရေးအဖြစ် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် စတင်ကြေညာခဲ့ပြီးနောက် လားရှိုး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော် လမ်းပိုင်းများနှင့် ပြည်ထောင်စုလမ်းမကြီးကို စတင်တိုက်ခိုက်ချိန်မှစတင်ပြီး မြန်မာ-တရုတ်နယ်စပ် အဓိကတရားဝင်ဂိတ်ဖြစ်သည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် ပြည်ထောင်စုလမ်းမကြီးပိုင်း တချို့နေရာများကိုလည်း ပိတ်ထားရခြင်းဖြစ်သည်။

