၂.၅.၂၀၂၅
Written by Hey Mar
နှစ်လကျော်ကြာ ပျောက်ဆုံးနေရာကနေ အရိုးကျလျက်အနေအထားနဲ့ ပြန်လည်တွေ့ရှိခဲ့တဲ့ ဖျာပုံမြို့က မဖူးဖူးရွှေစင်ရဲ့ ရုပ်အလောင်းကို ဖျာပုံဆေးရုံကြီးမှ မှုခင်းဆရာဝန်ကြီးတွေက လူသတ်မှုအဖြစ် မှတ်ချက်ပြုခဲ့ပြီး ဖျာပုံမြို့နယ် ရဲတပ်ဖွဲ့က မဖူးဖူးရွှေစင်ရဲ့ မောင်ဝမ်းကွဲအပါအဝင် သံသယရှိသူ အမျိုးသားလေးဦးကို ထိန်းသိမ်းစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ ထံကနေ သိရပါတယ်။
အရိုးကျသေဆုံးလျက်သားအနေအထားနဲ့ မဖူးဖူးရွှေစင်ကို ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက် နေ့လယ်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကိုးအိမ်တန်းကျေးရွာနဲ့ သကံဂွကြီးကျေးရွာကြား ဖျာပုံ – ဘိုကလေးကားလမ်းဘေး လူပြတ်တဲ့ကိုင်းတောထဲမှာ ပြန်လည်တွေ့ရှိခဲ့တာပါ။
ဖျာပုံအခြေစိုက် ကရုဏာရှင်လုမှုကူညီရေးအသင်း တာဝန်ရှိသူက “ကလေးမရဲ့ဆိုင်ကယ်နဲ့ ပစ္စည်းတွေ လိုချင်လို့ သူ့ဆွေမျိုးသားချင်းထဲက မောင်ဝမ်းကွဲကပဲ ကြံစည်တယ် ကြားတယ်။ ဒါလည်း ကိုယ်က ရဲတပ်ဖွဲ့ကို လိုအပ်တာကူညီရင်း သူတို့ပြောသလောက် သိရတာပါ။ လူလေးဦးကို စစ်တော့ စစ်ဆေးနေကြတယ်” လို့ MT Newsကို ပြောပါတယ်။
မဖူးဖူးရွှေစင်ရဲ့ အရိုးစုကို ပြန်တွေ့ရပုံက တောထဲ ဖားရှာငါးရှာ ပြုလုပ်နေတဲ့ ဒေသခံကပဲ တွေ့ရှိခဲ့ကာ ရဲတပ်ဖွဲ့ဆီ အကြောင်းကြားခဲ့တာလို့ သိရပါတယ်။ မိန်းကလေး အရိုးစုဖြစ်နေတာကြောင့် ရဲတပ်ဖွဲ့က ပျောက်ဆုံးတိုင်ကြားထားတဲ့ မိန်းကလေးအမှုတွဲထဲက သက်ဆိုင်သူ မိသားစုတွေဆီ ဆက်သွယ်အတည်ပြုရာက မဖူးဖူးရွှေစင်ရဲ့ မိသားစုက သူတို့သမီးဖြစ်ကြောင်း အတည်ပြုခဲ့တာလို့ သိရပါတယ်။
“မိန်းကလေးရဲ့ ဦးလေးတော်စပ်သူက ကျွန်တော်တို့ကိုပြောပြတာက ကလေးမ အိမ်က ထွက်သွားတုန်းက အိုင်ဖုန်းရော၊ လက်ဝတ်လက်စားရော၊ ဆိုင်ကယ်ကလည်း သိန်းရာချီတန်တယ်ပြောတယ်။ ပါသွားတယ်။ အခုပြန်တွေ့တော့ အရိုးတွေ ကောက်တဲ့အခါ ကောက်ရမလွယ်တော့ မြေပါတူးပြီး ပလပ်စတစ်ပေါ်တင် ထုပ်ပိုးပြီး မော်ကျူရီထဲ ပို့ပေးခဲ့တာ။ အဲဒီမှာ ရဲက စစ်တော့ လက်တစ်ဖက်မှာ အဝတ်အစား မြေကြီးတွေနဲ့ဖုံးနေတဲ့ ဟန်းချိန်းကိုတွေ့တာမှာ မိသားစုက သူတို့ကလေးမှန်း အတည်ပြုတာ။ တန်ဖိုးကြီး ပစ္စည်းက အဲဒါပဲတွေ့တယ်။ ကျန်တဲ့ သူတို့ပြောတာ ဘာမှမတွေ့ဘူး” လို့ ကရုဏာရှင် လူမှုကူညီရေးအသင်းဥက္ကဌ ဦးစံအောင်က ပြောပါတယ်။
သတင်းထောက်တစ်ဦးဖြစ်သူ မောင်ကောင်း (ဖျာပုံ) ကလည်း လူမှုကွန်ရက်မှာ မဖူးဖူးရွှေစင်ကို Tag တွဲပြီး “မဖူးဖူးရွှေစင်အား လုပ်ကြံ၍ သတ်သွားသော (မောင်တစ်ဝမ်းကွဲ ) တော်စပ်သူ အပါ အဝင် တရားခံ (၄) ဦးအား ဖမ်းဆီးထားပြီးကြောင်း ကနဦး သိရပါသည်။” လို့ ဖော်ပြခဲ့သလို မဖူးဖူးရွှေစင်ပျောက်တဲ့နေ့က လိုက်ပါသွားတဲ့ မောင်ဝမ်းကွဲဟာ သူမအမေရဲ့ အကိုက မွေးတဲ့ မွေးကတည်းက မောင်နှမလိုနေသူဖြစ်ကြောင်း၊ ဆေးစွဲလောင်းကစားလုပ်ပြီး ငွေလိုတာကြောင့် မဖူးဖူးရွှေစင်ကို လိမ်လည်ခေါ်ထုတ်ကာ သတ်ဖြတ်အလောင်းဖျောက်လိုက်ပြီး ပါသမျှပစ္စည်းအကုန် ရောင်းစားခဲ့ကြောင်း သတင်းတချို့က ဖော်ပြနေပြီး ဒီအမှုဟာ စစ်ဆေးဆဲအဆင့်ဖြစ်တာကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (ပ) နံပါတ်မထွက်သေးဘူးလို့လည်း သိထားရတာကြောင့် စစ်ဆေးခံရသူ သံသယတရားခံလေးဦး ဖမ်းမိထားမှုနဲ့ ထပ်မံသိရှိဖို့လိုအပ်တဲ့ ဖြစ်စဥ်အသေးစိတ်ကို MT News က တာဝန်ရှိသူတွေထံ ဆက်လက်စုံစမ်းနေပါတယ်။
မဖူးဖူးရွှေစင်ကို ဖျာပုံမြို့နယ်က သူနေထိုင်ရာ၊ ကျုံတာကျေးရွာဆီ အဆိုပါအသင်းကပဲ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ကျုံတာကျေးရွာ သုသာန်မှာ မနေ့က မေလ(၁)ရက်နေ့က သင်္ဂြိုဟ်ပြီးခဲ့ပြီလည်း ဖြစ်ပါတယ်။




