◾ MOD ၏ လွဲမှားသောအမိန့်ပေးမှုများနှင့် ပွင့်လင်းမြင်သာမှုမရှိသော ညွှန်ကြားချက်များကြောင့် နုတ်ထွက်သည်ဟု ကိုစစ်နိုင် ဖော်ပြခဲ့ခြင်းကြောင့် NUG နှင့် MOD သိက္ခာထိခိုက်၍ အဓမ္မ ကြိုးတုပ်ဖမ်းဆီးခဲ့ဟုလည်း သိထားရ

၂. ၅. ၂၀၂၅
Weitten by Nay Moe
NUG ကို မယုံကြည်၍ လက်အောက်ခံတပ်အဖြစ်က နုတ်ထွက်ထားသည့် ကျောက်ဆည်ခရိုင် တပ်ရင်း (၂) ၏ တပ်ရင်းမှူးကို NUG ၏ MOD စစ်ရုံးချုပ်က လူမိုက်ဆန်ဆန်၊ အာဏာရှင်ပုံစံ ဖမ်းဆီးထားသည်ဟု ကျောက်ဆည်ခရိုင် တပ်ရင်းအမှတ် (၂) က ထုတ်ပြန်သည်။
ဧပြီ ၂၄ ရက် ည (၁၀) နာရီ အချိန်ခန့်တွင် MOD ၏ စစ်ရုံးချုပ်မှဟုဆိုကာ ကျောက်ဆည်ခရိုင် တပ်ရင်းအမှတ် ၂/ တပ်ရင်းမှူး ကိုစစ်နိုင်အား ထိန်းသိမ်းခေါ်ဆောင်သွားပြီး ခေါ်ဆောင်သွားသည့် အချိန်မှစ၍ ယနေ့အချိန်ထိ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးဟုလည်း တပ်ရင်း (၂) က ဆိုသည်။
ထို့အတွက် ကျန်ရှိသော PDF များမှ MOD ၏ စစ်ရုံးချုပ်သို့ ဆက်သွယ်ပါသော်လည်း တစ်ကြိမ်သာ တွေ့ဆုံခွင့်ရရှိခဲ့သလို မည်သည့်ဥပဒေများ ချိုးဖောက်ခဲ့သည်ကို စစ်ရုံးချုပ်မှ တိကျရေရာစွာ ပြောဆိုခဲ့ခြင်း မရှိကြောင်းနှင့် နောက်ထပ် အကြိမ်ကြိမ် ဆက်သွယ်ပါသော်လည်း စစ်ရုံးချုပ်မှ အချိန်မအားသောကြောင့်ဟုဆိုကာ အကြောင်းအမျိုးမျိုးပြ ငြင်းဆိုခဲ့သည်။ MOD ၏ စစ်ရုံးချုပ်အနေဖြင့် ယခုကဲ့သို့ တပ်ရင်းမှူးတစ်ယောက်အား မည်သည့်ဖမ်းဝရမ်းမှ မပါ၊ ပြစ်မှု့ထင်ရှားခြင်း မရှိပါဘဲ ထိန်းသိမ်းခေါ်ဆောင်သွားခြင်းသည် လူမိုက်ဆန်သော အာဏာရှင်ဆန်သော လုပ်ရပ်မျိုးဖြစ်သည်ကို သတိချပ်စေချင်သည်ဟုလည်း ကျောက်ဆည်ခရိုင် တပ်ရင်းအမှတ် (၂) က ပြောသည်။

ယခုကဲ့သို့ စစ်ရုံးချုပ်၏ အကြောင်းအကျိုး မဆီလျော်သော လုပ်ရပ်များကြောင့် ကျန်ရှိသော PDF များမှာ MOD/NUG အစိုးရအပေါ်တွင် ယုံကြည်မှုလျော့ပါးပြီး တော်လှန်ရေး ဆက်လက် လုပ်ဆောင်ရန်အတွက် များစွာ စိတ်ပျက် အားလျော့မိကြောင်း၊ ယနေ့အချိန်ထိ တပ်ရင်းမှူး ကိုစစ်နိုင်နှင့် လုံးဝ အဆက်အသွယ် မရရှိသောကြောင့် ကျန်းမာရေးနှင့် လုံခြုံရေးအတွက် လွန်စွာ စိုးရိမ်ပူပန်မိကြောင်း၊ စစ်ရုံးချုပ်အနေဖြင့် မိမိတို့ တော်လှန်ရေး ရဲဘော်များအပေါ်တွင် ပွင့်လင်းမြင်သာစွာနှင့် ရိုးသားဖြောင့်မတ်စွာ ပြုမူဆက်ဆံပေးပါရန် မျှော်လင့်မိပါကြောင်းလည်း ကျောက်ဆည်ခရိုင် တပ်ရင်းအမှတ် (၂) က တောင်းဆိုသည်။
MT News စုံစမ်းမှုအရ ကျောက်ဆည်ခရိုင် တပ်ရင်းအမှတ် (၂) ၏ တပ်ရင်းမှူး ဖမ်းဆီးခံရခြင်းမှာ ဖမ်းဆီးသည့်နေ့ ဧပြီ ၂၄ ရက်က NUG မှ နုတ်ထွက်ရမှုအပေါ် ကိုစစ်နိုင် လက်မှတ်ရေးထိုးထုတ်ပြန်သည့် Facebook ပို့စ် ရေးသားထုတ်ပြန်ရာတွင် “ကျောက်ဆည်ခရိုင်အမှတ်-၂ တပ်ရင်းအနေနဲ့ MOD အောက်က နှုတ်ထွက်ရခြင်းသည် MOD ၏ လွဲမှားသောအမိန့်ပေးမှုများနှင့် ပွင့်လင်းမြင်သာမှုမရှိသော ညွှန်ကြားချက်များကြောင့် မည်သူတစ်ဦးတစ်ယောက်၏ သွေးဆောင်ဖျားယောင်စည်းရုံးခြင်းမရှိပဲ မိမိတို့အစည်းအဝေးဆုံးဖြတ်ချက်နှင့်အညီ ရဲဘော်များ၏ ဆန္ဒများအားခံယူပီး နှုတ်ထွက်ကြောင်း တင်ပြခြင်းဖြစ်သည်။ MOD အောက်က နှုတ်ထွက်ပြီး ပဏမရည်ရွယ်ချက်အနေနဲ့ ကျောက်ဆည်ခရိုင်အပါအဝင် ကျောက်ဆည်ခရိုင်နှင့် ထိစပ်လျှက်ရှိသော ရွာငံ/မြင်းခြံခရိုင်/မိတ္ထီလာခရိုင်ရှိ မဟာမိတ်အဖွဲ့စည်းများအတူ People Revolution Fore Kyaukse အနေဖြစ် ဆက်လက်ရပ်တည်ကာမည်သည့် EAOs အဖွဲ့စည်အောက်မှာမဟုတ်ပဲ မဟာမိတ်အနေဖြင့် စစ်အာဏာရှင်အား အမြစ်ဖျတ်တိုက်ခိုက်သွားပါမည်ဟု ပြည်သူလူထုအား အသိပေးကြေငြာအပ်ပါသည်။(သတ်ပုံမူရင်း) ဟု ရေးသားချက်၌ ပါဝင်သွားသော “MOD ၏ လွဲမှားသောအမိန့်ပေးမှုများနှင့် ပွင့်လင်းမြင်သာမှုမရှိသော ညွှန်ကြားချက်များကြောင့်” ဆိုသောစကားစုမှာ NUG နှင့် ကာကွယ်ရေးဝန်ကြီးဌာန (MOD) ကို သိက္ခာကျစေသောကြောင့် ဦးရည်မွန်၏ MOD တိုက်ရိုက်ညွှန်ကြားချက်အရ ကိုစစ်နိုင်ကို အဓမ္မ ကြိုးတုပ် ဖမ်းဆီးခဲ့ခြင်းဟုလည်း ကနဦး သိရှိထားရသည်။
