၂.၅.၂၀၂၅
Written By Thandar
Hey Play က ထုတ်လုပ်တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ စရိုက်လက္ခဏာ မတူညီကြတဲ့ မိသားစုနှစ်စုပေါင်းဆုံမိရာက အတ္တ၊ မာန၊ အမုန်း၊ အငြိုးအာဃာတတွေနဲ့ ဇာတ်လမ်းပုံစံ “အမုန်းမြစ်”ဇာတ်လမ်းတွဲမိတ်ဆက်ပွဲကို မေလ ၁ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ Zealax Hotel & Resident မှာ ကျင်းပခဲ့ပါတယ်။
“ဒီဇာတ်ကားမှာ ယမုံရဲ့ ခက်ခက်မာ ဇာတ်ကောင်က အပြင်မှာ တကယ့်ဖြစ်ရပ်မှန်ပါ။ ယောက္ခမနဲ့ ချွေးမကြားက အကြောင်းလေးတွေပေါ့။ တကယ်တော့ အပြင်မှာလည်းဖြစ်တတ်၊ နှစ်ဦးကြားက အတ္တ၊ မာန၊ အမုန်း၊ အငြိုးအာဃာတတွေလည်း ပါပါတယ်”လို့ သရုပ်ဆောင် ဝင်ယမုံနိုင်က ပြောပါတယ်။
ဒီဇာတ်ကားရဲ့ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို ဖြိုးသဉ္ဇာကျော်၊ အိုင်းရစ်၊ မောင်ပြုံး၊ မောင်ကောင်းနဲ့ နွေးနွေးမောင်တို့က ရေးသားပြီးတော့ ဒါရိုက်တာ သိန်းဟန်(ဖီးနစ်)က စရိုက်လက္ခဏာ မတူညီကြတဲ့ မိသားစုနှစ်စုပေါင်းဆုံမိရာက အမုန်းတွေ မြစ်ဖျားခံစီးဆင်းလာတာကို ပုံဖော်ရိုက်ကူးထားတယ်လို့ သိရပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ မြတ်ကေသီအောင်၊ ဇင်မျိုး၊ ချာလီ၊ ဝင့်ယမုံနိုင်၊ နေ့သစ်အေးအောင်၊ ဆုထက်လှိုင်၊ ပိုင်အုပ်စိုးအောင်၊ သိန်းလင်းစိုး၊ မေသင်းကို၊ နှင်းအိဝင့်ဝါ၊ တေဇာကျော်၊ မင်းခန့်ကို၊ အကယ်ဒမီဇော်ဦး၊ ဒေါင်းဝေနဲ့ အနုပညာရှင်များစွာပါဝင်ထားကြပါတယ်။
“အမုန်းမြစ်” ဇာတ်လမ်းတွဲကို မေလ ၁ ရက်နေ့မှစပြီးတော့ အပတ်စဉ်တနင်္လာနေ့ကနေ သောကြာနေ့အထိ HEY Play Application က ပြသပြီးတော့ MRTV-4 ရုပ်သံလိုင်းက ည ၇ နာရီအချိန်တို့မှာ ပြသနေလျက်ရှိပါတယ်။
#ဝင့်ယမုံနိုင် #နေ့သစ်အေးအောင် #ဆုထက်လှိုင်
#ပိုင်အုပ်စိုးအောင် #သိန်းလင်းစိုး #HEYPlay
#HEYPlayနဲ့ကြည့်မယ်








