
MT News
၂. ၅. ၂၀၂၅
ကမ္ဘာကျော်တန်ဖိုးကြီးဇိမ်ခံယာဥ်များဖြစ်သည့် Lexus ကား မောင်းလာသူကို ဖမ်းမိရာက Escalade ကားနှင့်အတူ ကျပ် ၁ ဘီလျံခွဲကျော်တန်ဖိုးရှိ မူးယစ်ဆေးများကို ဝေါမြို့နယ် နှင့် တပ်ကုန်းမြို့တို့တွင် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် တပ်ကုန်းမှ မော်လမြိုင်သို့ မိုးဝင်းလှိုင် မောင်းနှင်ပြီး ကျော်ခိုင်ဦး လိုက်ပါလာသည့် TOYOTA LEXUS မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း သိမ်းဆည်းရမိခဲ့သည်။
ကွင်းဆက်ဖော်ထုတ်အရ ယင်းနေ့ ညနေ ၄ နာရီခွဲအချိန် သူရမျိုးမျိုး(ခ)မျိုးမျိုး အား တပ်ကုန်းမြို့၊ မြဝတီရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် ဆေးခြောက် ၂ ဒသမ ၃ ကီလို၊ CADILLAC ESCALADE မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၅ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းနှင့် ဆေးခြောက် ၂ ဒသမ ၃ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ မွန်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
