
၂.၅.၂၀၂၅
Translated by Htwe Ko Tun
Tesla ကုမ္ပဏီရဲ့ အမှုဆောင်အတွင်းရေးမှူးချုပ်လည်းဖြစ်ပြီး အမေရိကန်အစိုးရစွမ်းဆောင်ရည် မြင့်မား ထက်မြက်ရေးဝန်ကြီးဌာန(DOGE) ဝန်ကြီးလည်းဖြစ်တဲ့ ဘီလျံနာ အီလွန်မာ့စ်ခ်က အိမ်ဖြူတော်မှာ ဧပြီလ ၃၀ ရက်ကပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးသတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုအစိုးရ အသုံးစရိတ် လျော့ကျဖို့ သူ့ရဲ့ဆောင်ရွက်ချက်တွေကို ယုံကြည်မှုရှိတယ်လို့ပြောခဲ့ပြီး သူက ဒီရာထူးမှ ထွက်သွားခဲ့ရင်တောင်မှ လုပ်ငန်းတွေဆက်လက်လည်ပတ်နေမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် မာ့စ်ခ်က သူ့အနေနဲ့ အစိုးရအသုံးစရိတ်ကို ဒေါ်လာ နှစ်ထရီလျံအထိ လျော့ကျစေဖို့ မျှော်မှန်းဆောင်ရွက်နေတာဖြစ်ပေမယ့် အခုထိ ဒေါ်လာ ဘီလျံ ၁၆၀ ခန့်သာ လျော့ကျအောင်ဆောင်ရွက်နိုင်ခဲ့သေးတယ်ဆိုတာတော့ ဝန်ခံခဲ့ပါတယ်။
သတင်းစာရှင်းပွဲမှာ သတင်းထောက်တွေက တကယ်လို့များ အီလွန်မာ့စ်ခ်က DOGE ကိုခေါင်းဆောင်နေရာကနေ နုတ်ထွက်ခဲ့မယ်ဆိုရင် မည်သူက DOGE ကို ဆက်လက်တာဝန်ယူခေါင်းဆောင်သွားမလဲလို့ မေးကြရာမှာတော့ သူက ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက်လည်း ဗုဒ္ဓဝါဒဟာ ဆက်လက်တည်ရှိနေဆဲ ဖြစ်သလိုပါပဲလို့ နှိုင်းယှဉ်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက ကွယ်လွန်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်နေရာမှာ အစားထိုးဖို့ ပုပ်ရဟန်းမင်းကြီးဖြစ်ချင်တယ်လို့ သမ္မတထရန့်က ဟာသပြောခဲ့ပြီး ရက်အနည်းငယ်အကြာမှာပဲ မာ့စ်ခ် ကလည်း ခုလို သူ့ကိုယ်သူ ဗုဒ္ဓမြတ်စွာဘုရားနဲ့နှိုင်းယှဉ်ခဲ့ခြင်းပါ။
အီလွန်မာ့စ်ခ် အနေနဲ့ အစိုးရစွမ်းဆောင်ရည် မြင့်မား ထက်မြက်ရေးဝန်ကြီးဌာနကို လအတန်ကြာခေါင်း ဆောင်လာခဲ့ပြီးတဲ့နောက် သူ့ရဲ့ Tesla လျှပ်စစ်ကားကုမ္ပဏီကို ပြန်လည်ဦးဆောင်ဖို့ Tesla ဘုတ်အဖွဲ့ဝင် တွေရဲ့ ဖိအားပေးမှုကို ရင်ဆိုင်နေရတာပါ။ ဒါကြောင့်လည်း အီလွန်မာ့စ်ခ်က ဝင်ငွေတွေကျဆင်းနေတဲ့ ကုမ္ပဏီနဲ့ပတ်သက်လို့ သူ့အနေနဲ့ ပိုမိုအာရုံစူးစိုက်လုပ်ဆောင်သွားမယ်ဆိုတာ Tesla ကုမ္ပဏီရဲ့ အစုရှယ် ယာရှင်တွေကို ပြောခဲ့ပါတယ်။
မာ့စ်ခ်ကို အစိုးရအဖွဲ့ရဲ့အထူးဝန်ထမ်းတစ်ယောက်အနေနဲ့ ခန့်ထားမှုက မေလ ၃၀ ရက်မှာ ကုန်ဆုံးမှာပါ။ ဒီနောက်ပိုင်းမှာ သူ့ရဲ့ အစိုးရလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုကို ကန့်သတ်မှုပြုမှာလားဆိုတာ ရှင်း ရှင်းလင်းလင်းမသိရသေးပါဘူး။ မာ့စ်ခ် ကတော့ သူ့အနေနဲ့ ဒီနှစ်အကုန်မှာ သူ့ရဲ့လုပ်ငန်းတွေကို အပြည့် အဝအဆုံးသတ်နိုင်မယ်ဆိုရင် လက်ခံသဘောတူဖို့က သမ္မတရဲ့ဆုံးဖြတ်ပိုင်ခွင့်ပဲလို့ ပြောခဲ့ပါတယ်။
Ref- The Hill
