

၁.၅.၂၀၂၅
Written by Hey Mar
အသက် ၁၄ နှစ်နဲ့ ၉ နှစ်အရွယ် ယောက်ျားလေးနှစ်ဦးကို ရာဘာခြံထဲမှာ ရက်ရက်စက်စက် ဓားမနဲ့ ခုတ်သတ်တဲ့ဖြစ်စဉ် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ၊ လိမ္မော်ခြံ (ပိုက်လုံးစု)ကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့ကာ လူသတ်တရားခံကိုလည်း နောက်နေ့ ၂၉ ရက်နေ့မနက်မှာ တိုက်ကြီးမြို့မရဲစခန်းက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
သတ်ဖြတ်ခံရတဲ့ ရွာခံကလေးနှစ်ဦးက မောင်ကျော်မိုးနဲ့ မောင်အောင်မြင့်မြတ်လို့ သိရှိရပြီး ငှက်ပစ်ထွက်ရင်း သူတို့သတ်ဖြတ်ခံရမယ့် ရာဘာခြံဝန်းထဲရောက်ရှိသွားရာက ခြံစောင့်မိသားစုနဲ့ ပြဿနာတက်ပြီးအခုလို ဖြစ်စဉ် ဖြစ်ပွားခဲ့တာလို့လည်း သိရပါတယ်။
အသက် ၉ နှစ်အရွယ် မောင်အောင်မြင့်မြတ်ရဲ့ မိခင်ဖြစ်သူကို MT News က ဆက်သွယ်မေးမြန်းရာမှာ ” ငှက်ပစ်ရင်း ဖြစ်တယ်ဆိုလည်း သူ့တို့အနေနဲ့ ဒီအရွယ် ကလေးနှစ်ယောက်ကို အဲ့လောက်ထိ လုပ်ဖို့ လိုလို့လား။ အခုက မြင်ရက်စရာတောင်မရှိပါဘူး၊ လည်ပင်းတွေကို ခုတ်ထားတာပါ။ ကျွန်မတို့နဲ့လည်းမသိပါဘူး။ အခုဖြစ်မှသာ အဲဒီလူတွေကို မြင်ဖူးတာပါ။ သူတို့က နယ်ခံတွေလည်းမဟုတ်ပါဘူး။ ကလေးတွေ ပျောက်တုန်းကဆို ကျွန်မတို့က မထင်လို့ အဲဒီ့ခြံကို ဝင်တောင်မရှာဘူး” လို့ ပြန်လည်ဖြေကြားပါတယ်။


ညနက်တဲ့အထိ ကလေးနှစ်ဦးပြန်မလာဘဲ ပျောက်နေတာကို မိသားစုနဲ့ ရွာသားလေးငါးဦးဝိုင်းဝန်းရှာဖွေရင်းနဲ့မှ ရာဘာခြံနဲ့ ကပ်လျှက် ကြက်ခြံက ခြံစောင့်လုပ်သားက အဆိုပါခြံအတွင်း အော်ဟစ်သံ တချို့ကြားမိကြောင်း မင်းတို့ကလေးတွေများဖြစ်နေမလား စုံစမ်းကြည့်ပါလို့ ပြောတဲ့အတွက် ခြံကိုသွားမေးပေမယ့် မလာကြောင်း မသိကြောင်း ငြင်းထုတ်ခဲ့ပြီး မနက်အစောပိုင်း အလင်းရောင်မပီမပြင်အချိန် မှာ ကလေးမိသားစုက ရပ်ရွာအုပ်ချုပ်သူတွေပါခေါ်ပြီး ဝင်ရောက်ရှာဖွေမှ ကလေးအလောင်းနှစ်လောင်းပြန်လည်တွေ့ရှိရတာလို့ မိသားစုက ဖြစ်စဉ်ကို MT News ကို ပြောပြပါတယ်။
မောင်အောင်မြင့်မြတ်ရဲ့ မိခင်ဖြစ်သူက “ကြက်ခြံကလူကလည်းပြောတယ်။ သူလှမ်းကြည့်တဲ့အချိန် ရာဘာခြံထဲ ဓာတ်မီး သုံးလက်အလင်းရောင်မြင်လိုက်တယ်ပြောပါတယ်။ အဲဒီရာဘာခြံမှာက အခု ကလေးတွေကို သတ်ပါတယ်ဆိုပြီးဝန်ခံလို့ အဖမ်းခံထားရတဲ့ လူရယ်၊ သူ့ဇနီးရယ်၊ သားနှစ်ဦးရယ်၊ အဲဒီ့သားနှစ်ဦးထဲက တစ်ဦးရဲ့ ဇနီးဖြစ်တဲ့ ချွေးမတို့ နေတယ်။ ရဲက ယောက်ျားသုံးဦး ဖမ်းလာပြီးမှ ကျန်တဲ့ သားနှစ်ဦးကို အာမခံနဲ့ ပြန်လွှတ်တယ်။ သူတို့အဖေက သူတစ်ဦးတည်း သတ်တာလို့ ဝန်ခံထားလို့” လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ကလေးနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ကောင်းမွန်စွာ သင်္ဂြိုဟ်ပြီး ဖြစ်သလို ပြစ်မှုကျူးလွန်သူ ရာဘာခြံလုပ်သား အသက် ၆၀ အရွယ် တရားခံကိုလည်း ထိန်းသိမ်းထားပြီး၊ အမှုမှန်ပေါ်ပေါက်ရေး ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ တိုက်ကြီးမြို့မ ရဲစခန်းက ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
