
၁ .၅ .၂၀၂၅
Written by Hey Mar
YRTC ကုမ္ပဏီရဲ့ တရားဝင်စာထုတ်ပြန်ချက်တစ်စုံတစ်ရာမပါရှိဘဲ ဂိတ်ကြေးတိုးမြှင့်ကောက်ခံလို့ဆိုကာ သန်လျင်-ရန်ကုန် ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတချို့က ယာဉ်တချို့ ဒီနေ့ မနက်ပိုင်းမှာ ဂိတ်မထွက်ဘဲ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ယာဉ်ပိုင်ရှင်တချို့ထံကနေ သိရပါတယ်။
သန်လျင် -ရန်ကုန် ပြေးဆွဲနေတဲ့ယာဉ်လိုင်းတွေက ရွှေတောင်ပိုင်း ပုဂ္ဂလိကအများပိုင် သယ်ယူပို့ဆောင်
ရေးအသင်းဝင်ထားပြီး တစ်ဦးချင်းပိုင်ယာဉ်တွေအများစုလည်းဖြစ်ပါတယ်။ ဒီနေ့ဖြစ်တဲ့ ပဋိပက္ခမှာတော့ ယာဉ်လိုင်းဂိတ်ကြေး အရင် ကျပ် ၇၀၀၀ ကနေ၊ အခု တစ်ရက်နေ့ကစပြီး ကျပ် ၉၀၀၀ ကို တရားဝင် စာထုတ် အသိပေးခြင်းမရှိဘဲ ယာဉ်လိုင်းဂိတ်ရဲ့ကြေငြာသင်ပုန်းပေါ်မှာ ရေးသားကောက်ခံတာမို့ တရားမျှတမှုမရှိဘူးလို့ယူဆလို့ ကျပ် ၇၀၀၀ မဟုတ်ရင် ဂိတ်မထွက်ဘူးလို့ ယာဉ်ပိုင်ရှင်တွေက ဆန္ဒပြကြတာလို့ သိရပါတယ်။
သန်လျင်-ရန်ကုန်ယာဉ်လိုင်း အမှတ် (၇၀)မှ တာဝန်ရှိသူ ဦးကျော်ဆွေက “ဘယ်လိုဆုံးဖြတ်ပြေလည်သွားလဲဆိုတော့ ဒီနေ့အတွက်တော့ ၇၀၀၀ နဲ့ ထွက်ပါဆိုပြီး နေ့ခင်း တစ်နာရီကျော်မှာ ဂိတ်ဗိုလ်က ပြောတယ်၊ ခရီးသည်တွေကလည်း YRTC အထိ တိုင်တဲ့သူက တိုင်ကြတယ်။ ကြားကနေ အုပ်ချုပ်ရေးမှူးတွေလည်း ဝိုင်းဝန်းညှိနှိုင်းပေးကြတယ်။ အဲ့ဒီတော့မှ ဂိတ်ကထွက်ပါလုပ်တယ်။ ဒါပေမယ့် ဘယ်လိုမှ အချိန်မရတော့လို့ မထွက်နိုင်တဲ့ အစီးရေက ဆယ့်ငါးစီးလောက်ရှိတယ်။ ခရီးသည်တွေလည်း ဒုက္ခရောက်တာပေါ့။ ကျွန်တော်တို့ကလည်း မမှန်ကန် မမျှတတာတော့ ငုံ့မခံနိုင်လို့ အခုလို လုပ်ရတာပါ” လို့ MT News ကို ပြောပါတယ်။

ကျောက်တန်း -သန်လျင် – ရန်ကုန် ပြေးဆွဲနေတဲ့ ယာဥ်လိုင်းများဖြစ်တဲ့ YBS ၇၀ ၊ ၉၅ ၊ ၁၂၉ ယာဉ်တွေက ရွှေတောင်ပိုင်း ခရီးသည်သယ်ယူပို့ဆောင်ရေးယာဥ်လိုင်းရဲ့ကြီးကြပ်မှု အောက်မှာ ရှိနေပြီး ယာဥ်အစီးရေ ၃၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ အများနဲ့ သက်ဆိုင်သောပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC )ရဲ့ လမ်းညွှန်မှုအတိုင်း ကုမ္ပဏီကို နေ့စဥ်ဂိတ်ကြေး ပေးဆောင်ကာ ပြေးဆွဲနေကြတဲ့ ယာဥ်လိုင်းတွေဖြစ်ပြီး အခုလို ဂိတ်ကြေးတိုးတောင်းတာမှာ ကြိုတင်ညှိနှိုင်းခြင်းမရှိဘဲ မေလ ၁ ရက်နေ့မှစကာ နေ့စဥ်ဂိတ်ကြေးတိုးမြှင့်ကောက်ခံမယ်လို့ သိရတာကြောင့် YRTC ထံကိုလည်း တင်ပြထားကြောင်း ယာဥ်ပိုင်ရှင်တွေဆီကနေ သိရပါတယ်။
“ကျွန်တော်တို့သိထားတာက နေ့စဉ် ဂိတ်ကြေးက YRTC က ကောက်ခံတာ ၆၀၀၀ ကျပ်လို့သိထားတယ်။အခု ရွှေတောင်ပိုင်း ကုမ္ပဏီ ဥက္ကဋ္ဌက ကျပ်တစ်ထောင်တိုးပြီး ကျပ် ၇၀၀၀ ကောက်တာလည်း ကျွန်တော်တို့ ပေးထားပါတယ်။ နောက်ပြီး ၂၀၂၄ ခုနှစ်လဆန်းပိုင်းလောက်မှာ ကားတစ်စီးကို တစ်လ ၅၀၀၀၀ ကျပ်ပေးရမယ်ဆိုပြီးတောင်းခံတဲ့အတွက် ၁၇ လနီးပါး ကျွန်တော်တို့ပေးသွင်းခဲ့ရတယ်။ ဒီငွေတွေကို စာရင်းရှင်းတာမရှိတာကြောင့် YRTC အပါ အဝင် သက်ဆိုင်ရာကို တိုင်ကြားခဲ့တဲ့အတွက် လွန်ခဲ့တဲ့ ၄ လလောက်က ကောက်ခံမှုရပ်ဆိုင်းသွားတယ်။ ဘာကြောင့်ကောက်တယ် အကြောင်းအရင်းမရှိသလို ဘာသုံးတယ် စာရင်းရှင်းတမ်းမရှိဘူး။ ပြန်လည်းမရဘူး။ အခု ကျပ် ၉၀၀၀ လည်း ယာဉ်ပိုင်ရှင်တွေ ပေးနိုင်ပါတယ်။ ဒါပေမယ့် အကြောင်းပြချက်သေချာနဲ့ တာဝန်ယူမှု တာဝန်ခံမှုမရှိလို့ အခုလို ယာဉ်ပြေးဆွဲတာကို ရပ်နားတာပါ ” လို့ MT News ကို ပြောပါတယ်။
ယာဉ်လိုင်းတွေ နေ့တစ်ဝက် ရပ်နားလိုက်တဲ့အတွက် ခရီးသည်တွေမှာ များစွာ အခက်အခဲတွေ ဖြစ်ပေါ်ခဲ့ရပြီး မလိုအပ်ဘဲ ငွေကုန်ကြေးကျများတာတွေလည်းရှိခဲ့လို့ ယာဉ်ပိုင်ရှင်တွေက အားနာမိကြောင်းနဲ့ နောက်ရက်တွေမှာလည်း မဖြေရှင်းပေးပါက ယာဉ်မထွက်တာမျိုးထက် ခရီးသွားပြည်သူတွေ အခက်အခဲ မဖြစ်ရအောင် ဂိတ်ဖြတ်ခွင့် မယူဘဲ ခရီးသည်တွေကို ငွေကြေးမယူ အခမဲ့ ပို့ပေးမှာဖြစ်ပြီး ကုမ္ပဏီကိုတော့ ဂိတ်ကြေးမပေးဘူးလို့လည်း ယာဉ်ပိုင်ရှင်တချို့က သူတို့ တိုင်ပင်ထားတာကို ပြောပြပါတယ်။
