



၁.၅.၂၀၂၅
Written By Zun
မန္တလေးတွင် အငြိမ်းစားပါမောက္ခအမျိုးသမီးတစ်ဦးအား သတ်ဖြတ်သူကို ယနေ့ မေလ ၁ ရက်တွင် ရဲတပ် ဖွဲ့က ဖမ်းမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အုပ်ချုပ်ရေးအဖွဲ့က သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်က ပျောက်ဆုံးနေသူ အငြိမ်းစားပါမောက္ခ ဒေါ်ထွေးထွေးအား သတ်ဖြတ်၍ ထွက်ပြေး တိမ်းရှောင်နေသူကို ယနေ့နံနက်က ဟဲဟိုးမြို့တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်က ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာမြောင်းဘောင်ဘေး လယ်ကွင်းထဲတွင် ဆောက်လုပ်ထားသည့် လူမနေသော တစ်ထပ်တိုက်အတွင်း အမျိုးသမီးတစ်ဦး ဒဏ်ရာများနှင့် သေဆုံး ပုပ်ပွနေကြောင်း သတင်းပေးသူများကြောင့် ယင်းနေရာသို့ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာတွင် သေဆုံးနေသူမှာ ဒေါ်ထွေးထွေး ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
“အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်တဲ့ အငြိမ်းစားပါမောက္ခ ဒေါ်ထွေးက ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်က ပျောက်နေတယ်။ အလောင်းတစ်လောင်းကို တွေ့တယ်ဆိုတော့ သွားကြည့်တဲ့အခါ သေဆုံးနေတာကို တွေ့ကြတာ။ သူ့ကို သတ်တဲ့သူကလည်း အိမ်ခြံမြေ လုပ်တာပဲ။အရောင်းအဝယ်လုပ်မယ့် မြေကွက်ကို နေရာသိဖို့ လိုက်ကြည့်ကြတာ။ အဲဒီလူက လူကို သတ်ပြီး ပစ္စည်းတွေပါ ယူသွားတယ်။ ပစ္စည်းတွေကတော့ ဝတ်ထားတဲ့လက်ဝတ်လက်စား ရွှေထည်တွေနဲ့ ပိုက်ဆံတွေပေါ့။ ပြီးတော့ အိမ်ခြံမြေစာချုပ်တွေကိုလည်း ယူသွားတယ်။ ပြီးတော့ မိသားစုလိုက် ရှမ်းပြည်ဘက်ကို ပြောင်းပြေးသွားတာ။ အခု ဟဲဟိုးမှာ ဒီကနေ့ပဲ သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့ပါတယ်”ဟု ရဲတပ်ဖွဲ့၏ မှတ်တမ်းများကို ကိုးကား၍ မန္တလေးတိုင်းဒေသကြီး အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက MT News ကို ပြောသည်။
ယခုအခါ ဒေါ်ထွေးထွေးကို သတ်ပြီးပစ္စည်းယူ ထွက်ပြေးနေသူ အသက် ၂၅ နှစ်အရွယ် စိုင်းထွန်းနော(ခ)ကိုစိုင်းအား ပုသိမ်ကြီးမြို့မရဲစခန်းက ဖမ်းဆီး၍ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
